စစ်ကော်မရှင်က ဧပြီလဆန်းမှာ သမ္မတရွေးမယ်လို့ စစ်ကော်မရှင် ဒုတိယခေါင်းဆောင်ပြော
=========
ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆။
Zalen

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲပြီးနောက် လွှတ်တော်ခေါ်ယူပြီး သမ္မတရွေးချယ်မှုကို လာမယ့် ဧပြီလဆန်းပိုင်းမှာ ပြုလုပ်သွားမယ်လို့ စစ်ကော်မရှင် ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ပြောပါတယ်။
ရှမ်းပြည်နယ်အတွင်းရှိ နောင်ဝိုး၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ်တွေမှာ အရာရှိ၊ စစ်သည်နဲ့ မိသားစုဝင်တွေကို တွေ့ဆုံစဉ် အခုလို ပြောခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာတွေမှာလည်း ဖော်ပြထားပါတယ်။
သမ္မတရွေးချယ်တင်မြှောက်ပြီး အစိုးရသစ် ဖွဲ့စည်းကာ နိုင်ငံတော်တာဝန်ကို ပြန်လည်လွှဲပြောင်းပေးမယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောခဲ့ပါတယ်။
ဒါ့အပြင် လွှတ်တော်ခေါ်ယူနိုင်ဖို့ စီစဉ်နေပြီး ပြည်သူ့လွှတ်တော်အစည်းအဝေးကို မတ်လ ၁၆ ရက်နေ့၊ အမျိုးသားလွှတ်တော်အစည်းအဝေးကို မတ်လ ၁၈ ရက်နေ့မှာ ကျင်းပနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) က နေရာအများဆုံး အနိုင်ရထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့နဲ့ တပ်ကိုယ်စားလှယ်အစုအဖွဲ့ စုစုပေါင်း သုံးဖွဲ့နဲ့ ဖွဲ့စည်းရမှာဖြစ်ပါတယ်။
အဲ့ဒီအစုအဖွဲ့တဖွဲ့စီက ဒုတိယသမ္မတတဦးစီရွေးချယ်ပြီး အဲ့ဒီသုံးဦးထဲက တဦးကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ရမှာဖြစ်ပါတယ်။
Helen
ဓာတ်ပုံ-လူမှုကွန်ယက်
#စစ်ကောင်စီ#သမ္မတရွေးမယ် #Zalen

















