ပြည်သူတွေ အကျပ်အတည်းဆိုက်နေချိန် စစ်ကောင်စီက တပ်တွင်းအထူးထောက်ပံ့ငွေများ ပေးအပ်ဖို့ ထုတ်ပြန်

ဖေဖော်ဝါရီ ၂၊ ၂၀၂၆

Zalen

Zalen ad

မြန်မာနိုင်ငံတဝန်း ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုနဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကို ပြည်သူတွေ အလူးအလဲ ခံစားနေရချိန်မှာ စစ်ကောင်စီက ၎င်းတို့ရဲ့ တပ်ဖွဲ့ဝင်တွေအတွက် အထူးထောက်ပံ့ငွေ တွေခွဲတမ်းချ ပေးအပ်ဖို့ စီစဉ်နေတယ်လို့ စစ်တပ်လက်အောက်ခံမီဒီယာမှ ယမန်နေ့ မတ်လ ၁ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ လစဉ် အထူးထောက်ပံ့ကြေး ပေးအပ်ခြင်းဟာ ၂၀၂၆ ခုနှစ်၊ မတ် ၁ ရက်ကနေ စတင်အကျိုး သက်ရောက်မယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာ့စီးပွားရေးမှာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး အခြေခံ လူတန်းစားတွေမှာ စားဝတ်နေရေးအတွက် အငတ်ဘေးတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါပေမဲ့ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းက တိုင်းပြည်ဘဏ္ဍာကို အများပြည်သူ ကယ်ဆယ်ရေးမှာ အသုံးမပြုဘဲ တပ်တွင်း သစ္စာခံမှုခိုင်မြဲစေဖို့အတွက်သာ အသုံးချနေတာ တွေ့ရှိရပါတယ်။

စစ်မြေပြင်မှာ အထိနာနေပြီး တပ်ပြေးများပြားနေတဲ့ အခြေအနေကို ထိန်းချုပ်ဖို့ တပ်ဖွဲ့ဝင် တဦးချင်းစီကို ငွေကြေး ထောက်ပံ့၍ စိတ်ဓာတ်မြှင့်တင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

အခုလို ငွေကြေးတွေ အလုံးအရင်းနဲ့ ထုတ်ပေးတာဟာ ဈေးကွက်အတွင်း ငွေကြေးစီးဆင်းမှု ပိုမိုများပြားစေပြီး ငွေကြေးဖောင်းပွမှု ကို ပိုမိုဆိုးရွားစေသလို ကုန်ဈေးနှုန်းကို တရှိန်ထိုး တက်သွားစေနိုင်ပါတယ်။

“တိုင်းပြည်က ခက်ခဲနေတာ မဟုတ်ဘူး၊ ပျက်စီးနေတာ။ ဒီလိုအချိန်မှာ ပြည်သူ့အခွန်ငွေတွေကို တပ်တွင်း အထူးထောက်ပံ့ကြေးဆိုပြီး ပေးနေတာဟာ ပြည်သူကို လှောင်ပြောင်နေသလိုပဲ” လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

နိုင်ငံတော်ရဲ့ ရသုံးမှန်းခြေ ငွေစာရင်းတွေကို အများပြည်သူ သိရှိခွင့်မရတော့တဲ့ အခြေအနေမှာ စစ်ကောင်စီက ၎င်းတို့ရဲ့ အာဏာတည်မြဲရေးအတွက် ဘဏ္ဍာငွေတွေပို သုံးစွဲနေတာဟာ နိုင်ငံတော်ကို ပိုမိုတွင်းနက်ထဲသို့ ဆွဲချနေသလို ဖြစ်နေပါတယ်။

စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ ပြည်သူတို့ရဲ့ ဒုက္ခကို မျက်ကွယ်ပြုပြီး ၎င်းတို့ အဖွဲ့အစည်း ကျော်လွှားနိုင်ရေး ကိုသာ ဦးစားပေးတဲ့ “ကိုယ်ကျိုးစီးပွား ဗဟိုပြုဝါဒ” ကို ထင်ထင်ရှားရှား ပြသနေတာ ဖြစ်ပါတယ်။

ဆလိုင်း

ဓာတ်ပုံ-လူမှုကွန်ယက်

#စစ်ကောင်စီ# အထူးထောက်ပံ့ကြေး#Zalen

ဆက်ဖတ်ရန်