မတ် ၂၀ ၊ ၂၀၂၆
Zalen
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ကျင်းပတဲ့ဒီကနေ့ မနက်ပိုင်းမှာ CDF-Hakha နဲ့ စစ်ကောင်စီကြား နာရီဝတ်ခန့်အကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဟားခါးမြို့ဒေသခံသတင်း အရင်းအမြစ်ထံကနေသိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ရွေးကောက်ခံခဲ့ကြတဲ့ အမတ်များဟာ ဒီကနေ့ မတ်လ ၂၀ ရက်နေ့ မှာ ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်ရှိ လွှတ်တော်အဆောင်အအုံမှာ အစည်းအဝေးကျင်းပခဲ့ကြတာ ဖြစ်ပြီး အဆိုပါ အခမ်းအနားကို CDF-Hakha က သွားရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ဒေသခံတဦးက “ဒီနေ့ကျင်းပတဲ့ လွှတ်တော်အခမ်းအနားကို CDF-Hakha က လာရောက်ပစ်ခတ်တာပါ။ နှစ်ဖက် ပစ်ခတ်မှုအတော်ပြင်းထန်တယ်လို့ပြောရမယ်။ လက်နက်ကြီးသံတွေကော လက်နက်ငယ်သံတွေကော ဆက်တိုက် ကြားနေရတယ်။” လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်မှုအတွင်း နှစ်ဖက်အထိအခိုက်ရှိ မရှိမသိရသေးသလို ဒေသတွင်းထိခိုက်ပျက်စီးမှုရှိမရှိလည်း မသိရသေးပါ။
အကြမ်းဖက်စစ်တပ်က အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို မတ်လ ၁၆ ရက် နဲ့ ၁၈ ရက်နေ့တို့မှာ ကျင်းပခဲ့ပြီးနောက် တိုင်းဒေသကြီး နဲ့ပြည်နယ်လွှတ်တော်အစည်းအဝေးကို ဒီကနေ့ မတ်လ ၂၀ ရက်နေ့မှာကျင်းပခဲ့ကြတာဖြစ်ပါတယ်။
သတင်း – Mickey

















