မတ် ၃၁၊ ၂၀၂၆
Zalen
အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေကြတဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အမျိူးသားညီညွှတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) ကို ဖွဲ့စည်းလိုက်တယ်လို့ မတ်လ ၃၀ ရက်နေ့ ညပိုင်းမှာ ကြေညာလိုက်ပါတယ်။
မဟာမိတ်အဖွဲ့အဖွဲ့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ၊ ချင်းအမျိုးသားတပ်မတော် (CNF/CNA) ၊ ကရင်နီတပ်မတော် (KNPP/KA) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG/PDF) နဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ ပါ၀င်ပါတယ်။
မဟာမိတ်အဖွဲ့ရဲ့ မျှော်မှန်းချက်နဲ့ မဟာဗျူဟာ ရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ် အပါအဝင် ဘယ်အာဏာရှင်စနစ်မဆို အမြစ်ပြတ်ဖယ်ရှားဖို့ဖြစ်ပြီး နိုင်ငံရေး ရည်မှန်းချက်ကို လက်တွေ့ ထိရောက်စွာအကောင်အထည်ဖော်မယ့် နိုင်ငံရေးအခင်းအကျင်းသစ် စုစည်းညီညွတ်စွာ ဖော်ဆောင်ရဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုကို အပြီးတိုင် အဆုံးသတ် ရေး၊ လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက် အပြည့်အဝထားရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်ရေး၊ ၂၀၀၈ ကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားမှုမှန်သမျှကို တိုက်ဖျက်ရေး တို့ ဦးတည် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

ဒီအထဲမှာ သက်ဆိုင်သူတွေ အားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရေး ၊ ထွက်ပေါ်လာမယ့် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်အား တည်ဆောက်ရေး နဲ့ ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူ တွေအတွက် တရားမျှတမှု ရရှိရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်တွေကို ဖော်ဆောင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
NUG ယာယီသမ္မတ ဒူဝါလရှီးလကတော့ မဟာမိတ်အဖွဲ့ဖွဲ့စည်းနိုင်တာဟာ တော်လှန်ရေးအတွက် အရေးကြီးတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပြီး စစ်ရေးတင်မကဘူး၊ နိုင်ငံရေးအရပါ စုစုစည်းစည်းနဲ့ ရှေ့ဆက်သွားနိုင်ဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။
လက်ရှိမှာ အချိန်နဲ့ အခက်အခဲအမျိုးမျိုးကြောင့် အဖွဲ့ ၆ ဖွဲ့နဲ့ပဲ စတင်လိုက်ရပေမယ့် လာမယ့် ရက်ပေါင်း ၆၀ အတွင်းမှာ ကျန်နေသေးတဲ့ အဖွဲ့တွေကိုပါဝင်လာနိုင်အောင် ကြိုးစားသွားမယ်လို့ KNPP ဥက္ကဋ္ဌ ခူးဦးရယ်က ပြောထားပါတယ်။
Helen
















