ဧပြီ ၂၁၊ ၂၀၂၆
Zalen
ချင်းပြည်သူ့အစည်းအရုံး (CPU) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဟာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက အာရက္ခဒေသကို သွားရောက်ခဲ့ပြီး ULA/AA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲမှာ လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေအပြင် ချင်းပြည်သူနဲ့ အာရက္ခပြည်သူတွေကြား အိမ်နီးချင်းကောင်းပီသစွာနဲ့ ရေရှည်အပြန်အလှန် အကျိုးပြုနိုင်ရေး ကိစ္စရပ်တွေကို အလေးပေး ဆွေးနွေးခဲ့ကြတာပါ။
ဒါ့အပြင် ရှေ့ဆက်ပြီး နှစ်ဖက်ပူးတွဲလုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကိုလည်း အောင်မြင်စွာ ချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ပတ်နီးပါး ကြာမြင့်ခဲ့တဲ့ ဒီခရီးစဉ်အတွင်း ULA ဘက်က နွေးထွေးစွာ ကြိုဆိုဧည့်ခံခဲ့ပြီး အာရက္ခဒေသအတွင်းက အထင်ကရနေရာတွေကိုလည်း လိုက်လံပြသပေးခဲ့ပါတယ်။
အရင်ကလည်း ချင်းညီနောင် (Chin Brotherhood) နဲ့ AA တို့အကြားမှာ စစ်ရေး၊ နိုင်ငံရေးအရ နီးကပ်တဲ့ မဟာမိတ် ဆက်ဆံရေးရှိခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။
အခု CPU ရဲ့ ခရီးစဉ်ဟာလည်း အဆိုပါ မဟာမိတ်ဆက်ဆံရေးကို ပိုမိုခိုင်မာစေတဲ့အပြင် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ချင်းပြည်နယ်နဲ့ ရက္ခိုင်ပြည်နယ်ကြားက ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှု၊ ကူညီရိုင်းပင်းမှုနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသူတွေ သုံးသပ်ကြပါတယ်။
ဒီခရီးစဉ်ဟာ ချင်းပြည်သူ့အစည်းအရုံးနဲ့ ချင်းပြည်သူ့တပ်မတော် (CPA) အတွက် လေ့လာသင်ယူစရာတွေနဲ့အတူ အလွန်အကျိုးရှိတဲ့ ခရီးစဉ်ဖြစ်ခဲ့တာကြောင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ကို အထူးပဲ ကျေးဇူးတင်ရှိတယ်လို့ ချင်းပြည်သူ့အစည်းအရုံးက သတင်းထုတ်ပြန်ထားပါတယ်။
Mary

















