

မေ ၆၊ ၂၀၂၆
Zalen
ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) တပ်တွေဟာ လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူ မြို့အနှံ့ ကင်းလှည့်တာ၊ ကင်းပုန်းဝပ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ တီးတိန်မြို့ထဲက ရိဒ်လမ်းခွဲ၊ မြို့မရပ်ကွက်ရှိ နာရီစင်နဲ့ မြို့ထဲက အချက်အချာကျတဲ့ နေရာတွေမှာ ZRA တပ်ဖွဲ့ဝင်တွေက နေရာယူထားတယ်လို့ ဆိုပါတယ်။
ဒါအပြင် စစ်ကောင်စီရဲ့ ခလရ ၂၆၉ တပ်ကုန်းရှေ့နဲ့ NLD ပါတီရုံးမှာ နေရာယူတပ်စွဲထားပြီး အရပ်၀တ်တွေ၊ စစ်၀တ်စုံတွေ ၀တ်ဆင်ထားတယ်လို့ သိရပါတယ်။
” မြို့ထဲကို လက်နက်အပြည့်နဲ့ ကင်းလှည့်တာတွေ လုပ်လာတယ်။ ဒေသခံတွေကလည်း အပြင်ကို မထွက်ရဲကြတော့ဘူး၊ လမ်းမတွေ ခြောက်ကပ်နေတာပဲ။ ထွက်မပြေးပဲ ကျန်တဲ့သူတွေက အိမ်ထဲမှာပဲ နေကြတာလေ။ အဓိကကတော့ တပ်ကုန်းရှေ့နဲ့ NLD ရုံးမှာပဲ နေရာယူထားတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တီးတိန်မြို့ပေါ်က ဒေသခံအများစုဟာ မြို့သိမ်းတိုက်ပွဲဖြစ်လာမှာ စိုးရိမ်လို့ အိန္ဒိယနယ်စပ်နဲ့ ကလေးမြို့တွေဆီ ဧပြီ လကုန်ကတည်းက တိမ်းရှောင်နေကြတာပါ။
မေ ၁ ရက်နေ့မှာ ZRA EC က တီးတိန်မြို့နယ်အတွင်း ဘယ်အဖွဲ့အစည်းကမှ တိုက်ခိုက်မှုတွေ မလုပ်ဖို့ တားမြစ်ထားပြီး တကယ်လို့ PDF Zoland အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က စစ်ရေးလှုပ်ရှားတာမျိုးရှိရင် တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီလိုထုတ်ပြန်ပြီးနောက်မှာ တီးတိန်မြို့ထဲမှာ ZRA က စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာတာပါ။
ZRA-EC အဖွဲ့ဟာ တီးတိန်မြို့က ခလရ ၂၆၉ တပ်ရင်းထဲမှာ စစ်ကောင်စီတပ်သားတွေနဲ့ အတူတကွ နေထိုင်နေပြီး စစ်ရေး၊ နိုင်ငံရေးတွေကို ပေါ်ပေါ်ထင်ထင် ပူးပေါင်းဆောင်ရွက်လာတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ တီးတိန်မြို့ပေါ်ကို အင်အားဖြည့်ဖို့ တက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ချင်းညီနောင်ပူးပေါင်းအဖွဲ့တို့ တီးတိန်မြို့နယ်၊ ထန်မွှော်တောင်အနီး၊ အာလွယ်ရွာနားမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
မေ ၂ ရက်က နေ ၄ ရင်အထိ နှစ်ဖက်တိုက်ပွဲပြင်းခဲ့သလို စစ်ကောင်စီတပ်က လေကြောင်း အများအပြားသုံး တိုက်ခိုက်ခဲ့ပြီး လက်ရှိမှာ နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာနေပါတယ်။
တီးတိန်မြို့#ZRA-EC#လုံခြုံရေးယူ#Zalen
Helen















