
မေ ၆၊ ၂၀၂၆
Zalen
တီးတိန်မြို့နယ်ထဲက စစ်ရေးအရ အရေးပါတဲ့ ကနေဒီတောင်ကို စစ်ကောင်စီတပ်တွေက လေကြောင်း ဗုံးအကြိမ်ကြိမ်ကြဲချပြီး ပြန်လည်နေရာယူ သိမ်းပိုက် နိုင်ခဲ့တယ်လို့ သိရပါတယ်။
မေ ၅ ရက်နေ့ကနေ ၆ ရက်နေ့ နေ့ခင်းပိုင်းအထိ ကနေဒီတောင်အနီးမှာ စစ်ကောင်စီတပ်နဲ့ ချင်းညီနောင်ပူးပေါင်းတပ်တို့အကြား နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ခဲ့သလို ဒရုန်းနဲ့ ဗုံးကြဲတာတွေ လုပ်ခဲ့ပြီး မေ ၆ ရက်နေ့ ညနေပိုင်းမှာ အပြီးသတ် နေရာယူနိုင်တာလို့ ဆိုပါတယ်။
” လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေကြောင့် မနေ့က သူတို့ အာလွယ်နားကနေ ဆက်ပြီး တက်လာနိုင်တယ်၊ အဲ့ကနေ ကနေဒီကို ရဖို့ လေယာဉ်နဲ့ပဲ အကြိမ်ကြိမ် ကြဲပြီး ယူလိုက်တာပေါ့။ ရတာကတော့ ဒီညနေမှာ အပြီးသတ်ရတဲ့သဘောပါ။ လေယာဉ်ကြဲတာ တော်တော်များများကြဲပြီး Zoland နေရာယူထားတဲ့ နေရာကို ပြန်ရတာပေါ့။ ” လို့ စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက ပြောပါတယ်။

ကနေဒီတောင်ဟာ ချင်းပြည်နယ်ရဲ့ ဒုတိယအမြင့်ဆုံးတောင်ဖြစ်သလို အသံလွှင့်တာဝါတိုင်တွေနဲ့ ဆက်သွယ်ရေးစခန်းတွေ အခြေစိုက်တဲ့နေရာဖြစ်တာကြောင့် ချင်းမြောက်ပိုင်းရဲ့ စစ်ရေးအရ အဓိက အချက်အချာကျတဲ့ နေရာဖြစ်ပါတယ်။
ဒါကြောင့် ကနေဒီတောင်ရရှိဖို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား အပြန်အလှန်တိုက်ခိုက် သိမ်းပိုက်မှုဖြစ်စဉ် လေး ကြိမ် ရှိခဲ့တဲ့ စခန်းဖြစ်ပါတယ်။
Mary















