စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာ အရှိန်မြှင့်နေတဲ့ ကလေးမြို့မှာ စစ်တပ်လူကြီးသားကို ဖမ်းမိတဲ့ အုပ်ချုပ်ရေးမှူး ပြန်အဖမ်းခံရ

ဇွန် ၁၆၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲ ဖမ်းဆီးတာတွေ အရင်ကထက် သိသိသာသာ ပိုများလာနေပြီး အခြေအနေ ဆိုးရွားလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလို ပေါ်တာဆွဲတာတွေ အရှိန်မြှင့်နေတုန်း ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) က အရာရှိလူကြီးတစ်ဦးရဲ့ သားဖြစ်သူကို မှားဖမ်းမိပြီး ရိုက်နှက်ခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ယောက်ကိုယ်တိုင် ဒကစထဲမှာ ၅ ရက်ကြာ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။

“အောင်သစ္စာရပ်ကွက်က အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းဖို့ လူငယ်တွေကို ဖမ်းနေကြတာ။ ဖမ်းတဲ့အထဲမှာ ဒကစထဲက လူကြီးတစ်ဦးရဲ့သားကိုပါ ဖမ်းလိုက်မိတယ်။ ဖမ်းရင်း ငြင်းခုန်ပြန်ပြောတော့ ပါးရိုက်လိုက်တယ်တဲ့၊ အဲကနေ ဒကစ ထဲ ငါးရက်လောက် အုပ်ကြီး အဖမ်းခံရ‌တယ်လို့ ကြားတာပဲ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Zalen ad

လက်ရှိမှာ ကလေးမြို့ပေါ် ရပ်ကွက်နေရာအနှံ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲ၊ ပျူစောထီးတွေနဲ့ အပြာဝတ် ပူးပေါင်းအဖွဲ့တွေက စစ်မှုထမ်းဖို့အတွက် လမ်းသွားလမ်းလာတွေနဲ့ အပြစ်မဲ့ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ စိတ်ကြိုက် လုပ်နေကြပြီး အရှိန်မြှင့်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

မနေ့ကဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းကလည်း ကျောင်းသားတွေကို လိုက်ပို့ပေးတဲ့ အခြေခံလက်လုပ်လက်စား ဆိုက်တွဲသမားတစ်ယောက်ကိုပါမချန် ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ပါတယ်။

လူငယ်တွေအပြင် လူလတ်ပိုင်းတွေပါမကျန် စစ်တပ်က ကား တွေနဲ့ လိုက်လံ ဖမ်းဆီးနေတာပါ။


ကလေးမြို့နယ်ထဲက မြို့ပေါ်နဲ့ ပတ်ဝန်းကျင် ကျေးရွာတွေမှာ စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းခိုင်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ နေ့တိုင်း ပိုများလာနေတာကြောင့် ဒေသခံ ပြည်သူတွေနဲ့ လူငယ်တွေဟာ အပြင်ထွက် သွားလာဖို့တောင် အလွန် စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီး ၂၀၂၅ ခုနှစ်အတွင်း တပ်သားသစ် ၆၀,၀၀၀ ကျော် စုဆောင်းနိုင်ခဲ့ပြီး အဲဒီအရေအတွက်ဟာ အာဏာသိမ်းမှုမတိုင်မီ ၂၀၂၀ ခုနှစ်က စုဆောင်း ရရှိခဲ့တဲ့ အင်အားထက် ခြောက်ဆခန့် ပိုများလာတယ်လို့ စစ်ဘက်နဲ့ လုံခြုံရေးရာသုတေသနအဖွဲ့ (MDSI) က ဇွန်လ ၁၂ နေ့က ထုတ်ပြန်ထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပေကျင်းမှာ တွေ့ဆုံဆွေးနွေး

ဇွန် ၁၆၊ ၂၀၂၆Zalen တရုတ်နိုင်ငံ၊ ပေကျင်းမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ဒီနေ့မနက်ပိုင်းမှာ ပေကျင်းမြို့ရှိ Great Hall of the People မှာ တွေ့ဆုံဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်