၁၊ဇွန်လ၊ ၂၀၂၄
Zalen
Remal ဆိုင်ကလုံမုန်တိုင်းကြောင့် နေအိမ် ၆၀ ခန့်ရေလွှမ်းခဲ့တဲ့ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်ခရိုင်၊ Sairang ကျေးရွာ မှာ Network for Unity Association – NUA ဦးဆောင်မှုဖြင့် ရေမြှုပ်ခဲ့တဲ့နေအိမ်များကို လုပ်အားပေးရှင်းလင်း ခဲ့တဲ့အပြင် မြန်မာစစ်ဘေးရှောင်များကိုယ်စား Sairang YMA ထံ ရူပီး ၁၅၀၀၀ ကို မေလ ၃၁ ရက်နေ့မှာ ပေးအပ်လှူဒါန်းခဲ့တယ် လို့သိရပါတယ်။
Sairang ကျေးရွာဟာ အိုင်ဇောလ်မြို့ရဲ့ အဓိက ရေအရင်းအမြစ်ဖြစ်တဲ့ တလောင်ချောင်းဘေးမှာ တည်ရှိကာ မြန်မာ စစ်ဘေးရှောင်အများအပြားနေထိုင်လျက်ရှိတဲ့ ရွာဖြစ်ပါတယ်။
အဲဒီကျေးရွာကို NUA က ဦးဆောင်ကာ Sairang ရွာမှာနေထိုင်ကြတဲ့ မြန်မာစစ်ဘေးရှောင်များက သွားရောက်ကြည့်ရှုခဲ့ကြပြီး ရေမြှပ်သွားခဲ့တဲ့ နေအိမ် ၆၀ ကျော်ကို ရှင်းလင်းရာ လူဦးရေ ၃၀ ကျော်က လုပ်အားပေးကူညီ ရှင်းလင်းပေးခဲ့တယ်လို့သိရပါတယ်။
အိုင်ဇောလ်မြို့အတွက်သောက်သုံးရေ ကိုအဓိကသွယ်ယူတဲ့ တလောင်ချောင်း ရေကြီးမှု Sairang ကျေးရွာက နေအိမ်များရေနစ်မြှုပ်တဲ့အပြင် ရေသွယ်တဲ့ပိုက်လိုင်းနဲ့ စက်ပစ္စည်းများ ပျက်ဆီးသွားတာကြောင့် အိုင်ဇောလ် မြို့တွင်းမှာ ရေခက်ခဲတဲ့ ပြဿနာကြုံတွေ့နိုင်တယ်လို့ ဒေသ သတင်းမီဒီယာ တစ်ချို့ရဲ့ ဖော်ပြချက်အရ သိရ ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၈ ရက်က စခဲ့တဲ့ Remal ဆိုင်ကလုံမုန်တိုင်းကြောင့် အိုင်ဇောလ်မြို့နဲ့ အနီးတစ်ဝိုက်က ပြည်သူ များဟာ သဘာဝဘေး သင့်ခဲ့ကြပြီး အသက်သေဆုံးသူ ၃၀ ကျော်ရှိခဲ့ပါတယ်။
သတင်း – Grace