ကလေးမြို့နယ်မှာ ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်းကျော်နဲ့ ဘိန်းဖြူ ၂၉ ကီလိုကျော် ဖမ်းဆီးရမိ

အောက်တိုဘာ ၂၄၊ ၂၀၂၅

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ငွေကျပ် ၁၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၆၅) သိန်းကျော်နဲ့ ဘိန်းဖြူ (၂၉) ကီလိုကျော် ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးမှု တိုက်ဖျက် က မနေ့ အောက်တိုဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် သတင်းအရ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာအနီးမှာ ငြိမ်းချမ်းမောင်(ခ)ကုလားလေး မောင်းနှင်လာတဲ့ မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ဒသမ ၂ သိန်းအား ဖမ်းဆီးရမိခဲ့တာပါ။

စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန် ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူ ထူးအောင်ကျော် ကို စစ်ကိုင်းမြို့နယ်၊ ညောင်ပင်စင်ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ပါတယ်။

၎င်းရဲ့ ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးဝါးတွေကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့မှ ကလေးမြို့သို့ သယ်ဆောင်ခိုင်းသူမှာ မန်တုံမြို့နယ်နေ ယောရှု (ဖမ်းဆီးရန်ကျန်) ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးတွေ မိုင်းရယ်မြို့ဘက်မှ သယ်ဆောင်လာတယ်လို့ သတင်းအရ ဆက်လက်ဖမ်းဆီးရေးဆောင်ရွက်ရာ အောက်တိုဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲမှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့ဟာ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်မှာ ကျော်ဌေး မောင်းနှင်လာတဲ့ မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၉ ဒသမ ၂၃ ကီလိုအား ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိ ဘိန်းဖြူတွေကို ဝယ်ယူသူ ပေါင်ရှန်းဟောက် (ခ) ကိုချင်း ကို ယင်းနေ့ ညနေ ၅ နာရီ ကလေးမြို့ စက်မှုဇုန်သွားလမ်းမှာ ဆိုင်ကယ် ၁ စီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ ဘိန်းဖြူများကို မိုင်းရယ်မြို့မှ ကလေးမြို့နယ်သို့ တာဝန်ခံသယ်ဆောင်ခဲ့သူများဖြစ်တဲ့ လီလေး ကို ယင်းနေ့ ညနေ ၆ နာရီအချိန်မှာ ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ်ကွက်ရှိ ဟိုတယ်တစ်ခုမှာ လည်းကောင်း၊ စိုးမြင့်(ခ)ကုလားလေး အား အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီအချိန် လားရှိုးမြို့၊ ရပ်ကွက်(၇) မှာ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဉ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ဒသမ ၂ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁၃ ဒသမ ၀၄ ဘီလီယံ) နဲ့ ဘိန်းဖြူ ၂၉ ဒသမ ၂၃ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၄၆၁၅ ဘီလီယံ)၊ စုစုပေါင်း ၎င်းဒေသတန်ဖိုးငွေကျပ် ၁၄ ဒသမ ၅၀၁၅ ဘီလီယံအား ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေကို မိုင်းရယ်မြို့မှ ကလေးမြို့သို့ သယ်ဆောင်ရောင်းဝယ်တာဖြစ်ပြီး ၎င်းတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CDAC MYANMAR မှ ထုတ်ပြန်ထားပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်