ကျင်ဒွေးရွာ မြို့ရပြီ၊ ချင်းပြည်နယ်ရဲ့ (၉)ခုမြောက်မြို့ဖြစ်လာ

ကန်ပက်လက်မြို့နယ် ကျင်ဒွေးကျေးရွာအုပ်စု ကျေးရွာ(၄)ရွာပေါင်းပြီး ကျင်ဒွေးမြို့အဖြစ် ဒီဇင်ဘာ (၁၄)ရက်မှာ နိုင်ငံတော်သမ္မတရုံး ရဲ့ နိုင်ငံရေးနှင့် လုံခြုံရေးဌာနကြီးက စာအမှတ်၊ ၅၀၈(၅၁)/၁၂ နဲ့အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

ကျင်ဒွေးကျေးရွာအုပ်စုရှိ ကျေးရွာ (၄)ရွာအား စုစည်းပြီး ရပ်ကွက်(၄)ရပ်ကွက်ပါဝင်သော ကျင်ဒွေးမြို့အဖြစ်တိုးချဲ့ဖွဲ့စည်းပြီး ကျန်ရှိသော ကျေးရွာ (၂)ရွာကို အောက်လှယ်ကျေးရွာအုပ်စုအဖြစ် အမည်ပြောင်းလဲဖွဲ့စည်းထားပါတယ်။

ကျင်ဒွေးကျေးရွာအုပ်စုထဲမှာ ဖုန်းတွီတင်ရွှာ၊ ထန်းကုန်ရွာ၊ ဟုပ်ဖုန်ကျင်းရွာ၊ ကျင်ဒွေးရွာဟောင်း စသည်တို့ပါဝင်ပါတယ်။ ကျင်ဒွေးကျေးရွာဟာ ကန်ပက်လက်နဲ(၅၇)မိုင်လောက်ပြီး တစ်အုပ်စုလုံးတွင် အိမ်ခြေ (၂၀၀-၃၀၀)ခန့်ရှိပါတယ်။

ကန်ပက်လက်မြို့နယ် ကျင်ဒွေးရွာကို မကြာမီမြို့အဆင့်တိုးမြှင့်ပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၈ ခုနှစ် အောက်တိုဘာ(၂၆)ရက်က ကန်ပက်လက်မြို့လာရောက်စဉ် ကတိပေးထားပါတယ်။

ကန်ပက်လက်မြို့နယ် NLD ပါတီဥက္ကဌ ဦးထန်းမနားလိုင်းက “ကျင်ဒွေးရွာဟာ ကန်ပက်လက်မြို့နယ်ရဲ့ စီးပွားရေးအချက်အချာအကျဆုံးနေရာဖြစ်သလို လူဦးရေးလည်းများဆုံးရှိတဲ့ရွာလည်းဖြစ်တယ်။ ပြီးတော့ သူက မင်းတပ်၊ ပလက်ဝ၊ မတူပီမြို့နယ်တွေနဲ့ထိစပ်နေတာကြောင့် စီးပွားရေးလမ်းကြောင်းကြီးတစ်ခုဖြစ်တယ်”လို့ပြောပါတယ်။

ကျင်ဒွေးရွာဟာ ၁၉၇၀ ခုနှစ်ဝန်းကျင်တွင်မြို့ဖြစ်ခဲ့သော်လည်း ၁၉၇၄ အခြေခံဥပဒေကြောင့် ရွာအဆင့်လျော့ကျသွားပါတယ်။

ချင်းပြည်နယ်ဟာ မြို့နယ်(၉)မြို့နယ်နဲ့ မြို့(၉)မြို့ ဖြစ်လာပါပြီ။ တီးတိန်မြို့နယ်မှာ ခိုင်ကမ်းမြို့၊ တွန့်ဇံမြို့နယ်တွင် ကျီးခါးမြို့၊ ဖလမ်းမြို့နယ်မှာ ရိခေါ်ဒါရ်မြို့၊ ဝေဘူလမြို့၊ ထန်တလန်မြို့နယ်တွင် နှရိန်းမြို့၊ မတူပီမြို့နယ်တွင် လိုင်လဲပီမြို့၊ ရေဇွာမြို့၊ ကန်ပက်လက်မြို့နယ်တွင် ကျင်ဒွေးမြို့၊ မင်းတပ်မြို့နယ်တွင် မကွီအိမ်နူးမြို့၊ ပလက်ဝမြို့နယ်တွင် ဆမီးမြို့ စသည်တို့ပါဝင်ပါတယ်။

 

 

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်