
ဇွန် ၁၀၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့နယ် အတွင်းကအိန္ဒိဘက်ခြမ်း တိမ်းရှောင်နေတဲ့ ဒေသခံပြည်သူများ အိန္ဒိယ စစ်တပ်က ဝင်ခွင့်မပေးလို့ အခက်တွေ့နေကြတယ်လို့ ဒေသသတင်းအရင်းအမြစ်များကဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကနေ စစ်ကောင်စီတပ်က အိန္ဒိယ-မြန်မာနယ်စပ် ကလေး-တမူးလမ်းပိုင်းကို ပြန်လည်ရရှိရေး အသည်းအသန်ကြိုးစား စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူများ အခုလို ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။
” ခမ်းပါတ်၊ ကနန်၊ ဘုက္ကန်၊ စတဲ့ ကလေး-တမူးလမ်းပိုင်က ကျေးရွာတွေကပြည်သူတွေ လုံခြုံတဲ့နေရာထွက်ပြေးကြတာ။ ၆ရက်နေ့ကနေစရှောင်ကြတာပါ။ ကလေးဘက်ကားနဲ့ရှောင်ကြတဲ့သူတွေနဲ့ ချင်းပြည်နယ်ဘက်ကားနဲ့ရှောင်ကြတဲ့လူတွေရှိပါတယ်။ ရွေ့ပြောင်းဖိုငွေကြေးမတတ်နိုင်တဲ့သူတွေက အိန္ဒိယဘက်ရှောင်ကြတာ။ အိန္ဒိယစစ်တပ်က မဝင်ခိုင်းတော့ အခက်ခဲတွေ့နေကြတယ်။ တချို့နေရာမှာတော့ ဝင်လို့ရကြတယ်။ ဒါပေမယ့် အနည်းစုပါ” လို့ စစ်ရှောင်နေသူတဦးက Zalen ကိုပြောပါတယ်။
အခုလို ကလေး-တမူးလမ်းပိုင်းမှာ စစ်ရေးတင်းမာနေတာကြောင့် အိန္ဒိယဘက်ခြမ်း တိမ်းရှောင်တဲ့ ဒေသခံပြည်သူများကို အိန္ဒိယစစ်တပ်က လက်မခံဘဲ ဝင်ခွင့်မပေးတာကြောင့် နယ်စပ်တွေမှာသောင်တင်နေကြရတယ်လို့ဆိုပါတယ်။
” တချို့ကတော့ အိန္ဒိယစစ်တပ်က လက်မခံလို့ ချင်းတောင်ဘက်ကို ခြေလျင်နဲ့ ခက်ခက်ခဲခဲသွားနေကြသူတွေလည်းရှိတယ်” လို့ နောက်စစ်ရှောင်တဦးက ပြောပါတယ်။
အဲဒီလို အိန္ဒိယစစ်တပ်က အဝင်မခံဘဲ နယ်စပ်မှာသောင်တင်နေတဲ့ စစ်ဘေးရှောင်ပြည်သူအချို့ဟာ ချင်းတောင်ဘက်ကို ထပ်မံသွားနေရပြန်တယ်လို့လဲသိရှိရပါတယ်။
စစ်တပ်က အိန္ဒိယ-မြန်မာနယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်း တမူးကလေးလမ်းပိုင်းကို ပြန်လည်ထိန်းချူပ်နိုင်ဖို့ ထိုးစစ်ဆင်ခဲ့ရာ ဇွန်လ ၈ ရက်နေ့ကစပြီ နမွန်းတားနဲ့ ခိုမွန်နို ကျေးရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲဒီ တိုက်ပွဲမှာ တော်လှန်ရေးအင်အားစုဘက်က နန်မွန်းတားကျေးရွာနဲ့ ခိုမွန်နိုကျေးရွာကို ယာယီ ဆုတ်ပေးလိုက်ရပေမယ် တိုက်ပွဲအတွင်း စစ်ကောင်စီပူပေါင်းတပ်ဘက်က အထိနာနေပြီး သေဆုံးသူအများအပြားနဲ့ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရသိရပါတယ်။
သတင်း – S-P
ပုံစာ – ဘေးထွက်ရာထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူများအားတွေ့ရစဉ်။
ဓာတ်ပုံ – လူမှုကွန်ယက်
















