၃၀၊ဇူလိုင်လ၊၂၀၂၄
Zalen
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် ၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-ဟားခါး (CDF-Hakha) က ရုန်း စစ်ဆင်ရေး အမည်ဖြင့် တိုက်ပွဲများဖော်ဆောင်ခဲ့ရာ ဇူလိုင်လ ၁၆ ရက်မှ ဇူလိုင်လ ၂၈ ရက် အထိ တစ်ပတ် ကျော်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးကို ရှင်းလင်းနိုင်ခဲ့သလို ၂ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ဒီကနေ့ ဇူလိုင် ၃၀ ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။
စစ်ဆင်ရေးအစ ဇူလိုင်လ ၁၆ ရက်မှာ ဟားခါး-ထန်တလန်ကြားရှိ သီမစ်ချောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။ ချင်းလဲန်းကောင်စီတပ်ပေါင်းစုက အော်တိုတောင် စစ်စခန်း ကို ထိုးစစ်ဆင်နေစဉ် ဟားခါးကနေ စစ်ကူသွားတဲ့ စစ်ကြောင်းကို ဇူလိုင်လ ၂၂ ရက် မနက်ပိုင်း ၉ နာရီ ၅ မိနစ် မှာ CDF-Hakha က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ ၆ ဦး သေဆုံးတဲ့အပြင် CDF-Hakha ထောင်ထားတဲ့ နင်းမိုင်း မိလို့ အများအပြားဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။
အလားတူ ဇူလိုင်လ ၂၃ ရက်မှာ ဟားခါးတက္ကသိုလ်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက် ခဲ့ပြီး ၂ ဦးသေဆုံးကာ ဒဏ်ရာရသူများပြားခဲ့ပါတယ်။ဇူလိုင်လ ၂၅ ရက်မှာလည်း ဟားခါးမြို့ရှိ ပြည်နယ်မီးသတ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက်ပစ်ခတ်မှုပြုလုပ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရမှု မသိရှိနိုင်ဘူး လို့ ဆိုထားပါတယ်။
ဆက်လက်ပြီး ဇူလိုင်လ ၂၈ ရက် ညပိုင်းမှာ ထန်တလန်ဘက်ကို စစ်ကူဖို့သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကို မိုင်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ် လို့ ဖော်ပြထားပါတယ်။
“ကျွန်တော်တို့တိုင်းပြည်နဲ့ လူမျိုးလွတ်မြောက်နိုင်ဖို့အတွက် ခိုင်ခိုင်မာမာဖြင့် အတူရပ်တည်ကြရအောင်။ အောင်လံ ထူဖို့နီးကပ်လာပြီဖြစ်တာကြောင့် ကိုယ်တက်နိုင်တဲ့ဘက်ကနေ တိုင်းပြည်နဲ့လူမျိုးအတွက် အင်တိုက်အားတိုက် ပါဝင်ကြဖို့တောင်ဆိုချင်ပါတယ်။”လို့ CDF-Hakha က ဖော်ပြထားပါတယ်။
သတင်း – Grace