ဇူလိုင်လ ၂၈ရက်၊ ၂၀၂၄
Zalen
မလေးရှားနိုင်ငံ၊ Seremban ပြည်နယ်ရဲဌာနနဲ့ ချင်းဒုက္ခသည် မဟာမိတ် (ACR/ CRC)တို့နဲ့အတူ ချင်းပြည်သူများ တွေ့ဆုံဆွေးနွေးပြီး နယ်ထိန်းရဲအရာရှိမှ စည်းမျဥ်းစည်းကမ်းနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ စည်းမျဥ်းစည်းကမ်းတွေဟာ မလေးရှားမှာ နေထိုင်ပါက စည်းကမ်းရှိရှိနေထိုင်ကြဖို့နဲ့ နိုင်ငံသားတွေ အမြင်ကပ်အောင်မပြုလုပ်ကြဖို့၊ အများပြည်သူသွားလာတဲ့ လမ်းဘေး၊ ပန်းခြံတွေမှာ ထိုင်ပြီးအရက်သေစာသောက်စားခြင်းနဲ့ အရက်မူးပြီး သောင်းကြမ်းအော်ဟစ်ခြင်းတွေ မပြုလုပ်ဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် ဆိုင်ရှေ့၊လမ်းဘေးစတဲ့ နေရာတွေမှာ စည်းမဲ့ကမ်းမဲ့ သေးပေါက်တာတွေ မပြုဖို့၊ ကွမ်းတံတွေး၊ခိုင်နီးတွေ စည်းမဲ့ကမ်းမဲ့မထွေးကြဖို့၊ အဖွဲ့စည်းတွေ အနေဖြင့်လည်း မိမိလူတွေကိုထိန်းနိုင်အောင်ကြိုးစားပေးကြပါဖို့ဖြစ်ပါတယ်။
လူထုအနေဖြင့်လည်း မိမိခေါင်းဆောင်များရဲ့စကားကိုနားထောင်ပေးကြပါဖို့ UNHCR ကိုင်ဆောင်သူဖြစ်ပေမဲ့လည်း စည်းမရှိကမ်းမရှိပြုမူပါက ဖမ်းဆီးနိုင်တယ်လို့ ဆိုပါတယ်။
မိမိအဖွဲ့စည်းကျောင်းတွေမှာ မြန်မာပြည်တွင်းဖြစ်ပျက်နေတဲ့ စစ်ပွဲတွေနဲ့ သတ်ဖြတ်မှုများအကြောင်း ကလေးများကို သင်ကြားပြောပြပေးခြင်းတွေ မပြုလုပ်ကြဖို့နဲ့ မြန်မာပြည်အတွင်း လက်နက်ကိုင်အဖွဲ့စည်းတွေ ထောက်ပံ့၊ထောက်ခံ၊အားပေးတဲ့ လှုပ်ရှားမှုတွေနဲ့ နာမည်၊ တံဆိပ်အမှတ်သားတွေပါတဲ့ အင်္ကျီများ၀တ်ဆင်ပြီး သွားလာခြင်းများမပြုလုပ်ဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ စည်းမျဥ်းစည်းကမ်းတွေကို ပြောကြားပြီးနောက် Seremban ပြည်နယ်ရှိ ချင်းလူမျိုးများအတွက် ရွေးချယ်ထားတဲ့ Seremban ချင်းခေါင်းဆောင်များကို မိတ်ဆက်ပေးပြီး ဆက်လက်အတူလက်တွဲလုပ်ဆောင်သွားကြဖို့လည်း မှာကြားခဲ့တယ်လို့ သိရပါတယ်။
သတင်း – ကိုခူမီး