မီဇိုရမ် မှ မြန်မာသို့ မြေသြဇာ တရားမဝင်တင်ပို့မှု စုံစမ်းစစ်ဆေးဖို့ အစိုးရကို တောင်းဆို

အောက်တိုဘာ ၂၉၊ ၂၀၂၅။

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ မြန်မာဘက် မြေသြဇာ တရားမဝင်တင်ပို့မှု အရေးတကြီး စုံစမ်းစစ်ဆေးဖို့ ပြည်နယ်အစိုးရကို မီဇိုရမ်ပြည်နယ် လူငယ်ကွန်ဂရက် (MPYCC) က မနေ့ အောက်တိုဘာ ၂၈ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

MPYCC ရဲ့ တောင်းဆိုချက်မှာ ယူရီးယားဓာတ်မြေသြဇာ အိတ် ၁၀,၀၀၀ ခန့်ပါဝင်သော ကုန်ပစ္စည်းအမြောက်အများဟာ မကြာသေးမီက Sairang မီးရထား ဘူတာသို့ ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမြေသြဇာတွေဟာ ပြည်နယ် စိုက်ပျိုးရေးဌာနရဲ့ တရားဝင်ခွဲဝေချထားပေးမှု (သို့မဟုတ်) ဘောက်ချာ (Challans) များ မပါရှိဘဲ ရောက်ရှိလာတာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

၎င်းအိတ်တွေကို လောင်တလိုင် ခရိုင်ရှိ မြန်မာနယ်စပ် Zorinpui ဒေသသို့ သယ်ယူပို့ဆောင်နေတာကို တွေ့ရှိတယ်လို့ MPYCC က ဖော်ပြပါတယ်။

ယခင်က တရားဝင်ခွဲဝေတဲ့ မြေသြဇာတွေမှာ အမှတ်အသားတွေ ပါရှိပေမယ့် အသစ်ရောက်ရှိလာတဲ့ အိတ်တွေဟာ အမှတ်အသားမပါဘဲ အဖြူရောင်တွေ ဖြစ်နေတာကိုလည်း ထောက်ပြခဲ့ပါတယ်။

အဲဒီတရားမဝင်တင်သွင်းမှုတွေ ဖြစ်ပွားနေချိန်မှာ မီဇိုရမ်ပြည်နယ်က လယ်သမားတွေဟာ တစ်နှစ်ကျော်ကြာ မြေသြဇာတွေ အသုံးပြုခွင့်မရဘဲ ဖြစ်နေတယ်လို့ MPYCC က ပြောပါတယ်။

Mizoram Fertilizer Dealers’ Association (MFDA) ကလည်း ၂၀၂၄ ခုနှစ် ဇွန်လနောက်ပိုင်း ပြည်နယ်အစိုးရထံမှ မြေသြဇာ ခွဲဝေချထားပေးတာ မရရှိသေးကြောင်း ပြောဆိုခဲ့တာကို MPYCC က ကိုးကားခဲ့ပါတယ်။

မီဇိုရမ် လူငယ်ကွန်ဂရက်က မြေသြဇာဟာ ဗဟိုအစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသို့ တင်ပို့ခွင့်မရှိသော ထိန်းချုပ်ထားတဲ့ ပစ္စည်း ဖြစ်တယ်လို့အလေးထားပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် မြေသြဇာ တရားမဝင်တင်သွင်းခြင်းကို ချက်ချင်းရပ်တန့်ဖို့၊ အမြန်ဆုံး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ဖို့၊ ပြည်နယ်ဝန်ကြီးချုပ် လာလ်ဒူဟိုးမား နဲ့ စိုက်ပျိုးရေးဝန်ကြီး ပီစီ ဗန်လာလ်ရူအာတာ တို့က လူသိရှင်ကြား ရှင်းလင်းချက်များ ပေးဖို့ တောင်းဆိုထားပါတယ်။

သတင်း-ခူမီး

ဓာတ်ပုံ- လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်