ဧပြီ(၂၂)၊ ၂၀၁၈
ချင်းပြည်နယ်အတွင်း လူမှုအဖွဲ့အစည်းများမှ မိမိမြို့နယ်အတွင်း ကျန်းမာရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်လိုပါက သက်ဆိုင်ရာဝန်ကြီးဌာနထံ ခွင့်ပြုချက်တောင်းယူရမည်ဖြစ်ပြီး ခွင့်ပြုမိန့်မရဘဲလုပ်ဆောင်ပါက တာဝန်ရှိသူများကို အရေးယူမည်ဟု ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးက ဧပြီ(၂၀)ရက်တွင်ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် ချင်းပြည်နယ်အတွင်း လူမှုအဖွဲ့အစည်းများမှ မိမိမြို့နယ်အတွင်း ကျန်းမာရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် တင်ပြလာမှုများရှိပါက လုပ်ငန်းဆောင်ရွက်ခွင့်ပြုချက်များရရှိရေးအတွက် အဆင့်ဆင့်တင်ပြဆောင်ရွက်ရန်လိုအပ်ပါသဖြင့် အချိန်မီတင်ပြ၍ ခွင့်ပြုချက်များရယူရန်နှင့် ခွင့်ပြုချက်မရရှိမချင်း လုပ်ငန်းဆောင်ရွက်ခွင့်မပြုရန် အကြောင်း၊ အကယ်၍ လုပ်ငန်းဆောင်ရွက်ခွင့်ပြုမိန့်မရရှိဘဲ ဆောင်ရွက်မှုများရှိပါက တာဝန်ရှိသူအဆင့်ဆင့်အားထိရောက်စွာ အရေးယူဆောင်ရွက်သွားရန်ဖြစ်ကြောင်းဟုရေးသားထားသည်။
ဧပြီလ ၁၄ ရက်မှ ၁၆ ရက်အထိ ဇိုမီးကျောင်းသားများအသင်း(တက္ကသိုလ်များ-မြန်မာပြည်)က တွန့်ဇံမြို့နယ်တွင် အခမဲ့ဆေးကုသမှုများဆောင်ရွက်နေစဉ် ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA)တို့က ကျောင်းသားများနှင့်အတူလိုက်ပါလာသော ကျောင်းသားဟောင်းတစ်ဦးကို ဖမ်းဆီးရိုက်နှိပ်မှုဖြစ်ပွားခဲ့သည်။
“နေပြည်တော်မှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနကို အရင်ဆုံးတင်ရပါမယ်။ ဝန်ကြီးဌာနက အကြောင်းကြားတယ်၊ သဘောတူတယ်ဆိုရင် ကျမတို့ကလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားတဲ့အတိုင်းလုပ်မှာဖြစ်ပါတယ်”ဟု ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာနှင်းပပခိုင်က Zalen သတင်းဌာနသို့ပြောသည်။
ဖလမ်းမြို့ရှိ ကျန်းမာရေးဆိုင်ရာ NGO အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်လိုပါက မြို့နယ်ကျန်းမာရေးရုံးတွင် ခွင့်ပြုမိန့်မဟုတ်ဘဲ တစ်ပတ်ကြိုတင်အကြောင်းကြားစာတင်လျက်ရှိသည်ဟုပြောသည်။