အိန္ဒိယနိုင်ငံရေးသမားတွေ အနေနဲ့ မြန်မာရဲ့ အချုပ်အခြာကို လေးစားဖို့ စစ်ကောင်စီပြော

၁‌၃၊ မတ်၊ ၂၀၂၅

Zalen

မြန်မာ့အရေးကို ၀င်ရောက် ပြောဆိုခဲ့တဲ့ အိန္ဒိယနိုင်ငံရေးသမားတွေအနေနဲ့ မြန်မာရဲ့အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၁၂ ရက်‌ နေ့မှာ ပြောလိုက်ပါတယ်။

မြန်မာ – အိန္ဒိယဆက်ဆံရေး ပျက်ပြားအောင် မလုပ်သင့်သလို အိန္ဒိယနိုင်ငံသမားတွေအနေနဲ့ နိုင်ငံရေး လောဘတစ်ခုတည်းကို မကြည့်ဖို့ လိုတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အမျိုးသားလွှတ်တော်အမတ် ကေဗန်လားဗန်နာဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ချင်းပြည်နယ်ရှိ CNF ဌာနချုပ်ကို ရောက်ရှိခဲ့ပြီး ချင်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အိန္ဒိယနဲ့ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ အိန္ဒိယအခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။

မတ်လ ၁၀ ရက်နေ့မှာလည်း မဏိပူရပြည်နယ် အထက်လွှတ်တော်အမတ် လိုင်ရှန်ဘာဆာနာဂျာရိုဘာ က စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာတည်ရှိတဲ့ ကဘော်ချိုင့်ဝှမ်းဒေသကို အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ထဲကို ပြန်ထည့်ဖို့ အထက်လွှတ်တော်မှာ တင်သွင်း တောင်းဆိုထားပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ အသိပေး၊ ပြောဆိုသင့်တာတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အိန္ဒိယ၊ မြန်မာနဲ့ ဘင်္လားဒေ့ရှ်နိုင်ငံ‌တွေရှိ ချင်းလူမျိုးစုတွေ ပေါင်းစည်းရေးအတွက် မီဇိုရမ်ပြည်နယ်ဟာ အရင်ကတည်းက ပြောဆိုနေခဲ့တာဖြစ်ပြီး ကဘော်ဒေသကို ပြန်လည်တောင်းယူတဲ့ ကိစ္စဟာ လက်တွေ့မှာ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ အိန္ဒိယ- မြန်မာ အရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

Helen

နောက်ဆုံးရသတင်းများ

တလန်ဇာန်ကျေးရွာ လေကြောင်း တိုက်ခိုက်မှုဟာ တော်လှန်ရေးသမားများလုပ်ခဲ့တာဆိုတဲ့ သတင်းအမှား

Zalen မတ်လ ၂၁ ရက်၊ ၂၀၂၅ ခုနှစ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနဲ့ အဆောက်အအုံတွေ ပျက်စီးတာကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးဖြင့်ပစ်ခတ်တာလို့ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိလျက်ရှိဆိုတဲ့ သတင်းကို ...

ဆက်ဖတ်ရန်