ခွန်ဘီလီ
အချိန်ကညနေပိုင်း ခြောက်နာရီကျော်ကျော်။ အမေက တောင်ယာကနေအိမ်ပြန်ကြဖို့ လှမ်းအော် ခေါ်နေပြီ။ ညနေ ပုစဥ်းဇင်ကွဲလေးတွေလည်း အော်မြည်နေပြီဆိုတော့ မကြာခင် မိုးချုပ်လာတော့မယ်။ ကလေးသဘာ၀ တောင်ယာခြေနားလေးမှာ ငှက်လိုက်ပစ်ရင်း တောင်ယာရဲ့ တဲလေးမှာ စောင့်နေတဲ့ အမေဆီပြေးလာခဲ့တယ်။
ဒီလိုနဲ့ အဖေရယ်၊ အမေရယ် အိမ်အပြန်လမ်းမှာ တတောင်တက်တတောင်ဆင်းနေရင်းနဲ့ အိမ်ပြန်လမ်း မှာ သူတို့နှစ်ယောက်စကားပြောနေတဲ့ အသံကို နားထောင်မိတယ်။ အထူးသဖြင့်ရွာမှာ ပင်ပင်ပန်းပန်းတောင်ယာခုပ်စားရတယ် မလွယ်ကူတာကိုပြောနေကြတာပေါ့။
ဒီချိန်မှာပဲ အိမ်မှာ ထင်းမီးမွှေးဖို့ ထင်းခြောက်ထမ်းလာတဲ့ အိမ်နားကဦးလေးတို့ လင်မယားကိုလှမ်းတွေ့ လိုက်တော့ တောလမ်းလေးအတိုင်း အတူတူပြန်ကြတယ်။ လမ်းမှာတော့ တောင်ယာခုပ်တဲ့ အတွေ့အကြုံတွေ၊ ရွာက သာရေး၊နာရေး၊ လူမှုရေးတွေကို တပြောပြောနဲ့ လမ်းလျှောက်လာကြရင်း ရွာနားက စမ်းချောင်းလေးမှာ ခရီးတထောက်နားခဲ့ကြတယ်။ တကယ်တော့ ရွာနားက စမ်းချောင်းမှာ အပန်းဖြေကြရင်း ရေချိုးတဲ့သူကချိုး၊ ရေသောက်တဲ့သူကသောက်နဲ့ ရွာသားတွေ တောင်ယာကအပြန် နားနေကြတာပေါ့။ ဒါကလည်း ရွာရဲ့ ချစ်စရာ ဓလေ့လေးပါလား။ ဘယ်လောက်ပဲပင်ပန်းကြပါစေ ဒီလိုနေရာလေးဟာ ရွာသားတွေအားလုံးအတွက်တော့ သတင်းရယူ၊ ဖြန့်၀ေရာ စမ်းရေတွင်း လေးပါပဲ။
နောက်ဓလေ့တစ်ခုကတော့ ညစာစားပြီးရင် ဘယ်မှာ ထိုင်စကားပြောကြမယ်၊ ဘယ်သူ့အိမ်မှာ ပြောင်းဖူးဖုတ်စားကြမယ်၊ ဘယ်နေရာမှာ အပျိုလှည့်ကြမယ်ဆိုတာတွေ တိုင်ပင်ကြတဲ့ ရွာနားက စမ်းချောင်းလေးပေါ့။ ကလေးတွေကလည်း ကလေးတွေအလျောက်၊ လူကြီးတွေကလည်း လူကြီး အလျောက်တိုင်ပင်ကြတာပေါ့။
အဲဒီအချိန်မှာပဲ ဖလမ်းမြို့ကနေ ရွာကိုရောက်လာတဲ့ ရွာက လူပျိုတယောက်က ရွာမှာ တောင်ယာ ခုပ်စားရတာ ပင်ပန်းကြောင်း၊ ဒါကြောင့် မီဇိုရမ်နယ်စပ်ဖက်သွားပြီး နေ့စားလုပ်စား လျှင်ပိုကောင်းကြောင်း သူ့ရဲ့အမြင်တွေပြောပြတယ်။ ကိုယ်တွေလို လူငယ်တွေအတွက်တော့ စွန့်စား ရမည့် ဘ၀နောင်ရေး လို့မြင်ကြပြီး ညကြလျှင် အသေးစိပ် ပြန်ပြောပြရန် ချိန်းဆိုကြရင်း ကိုယ့်အိမ်ကို အသီးသီး ပြန်ကြတာပေါ့။
ညအမှောင်ကလည်း စိုးမိုးလာပြီ။ ဒီလိုနဲ့ ကျွန်တော်လည်း လူငယ်တွေ ချိန်းဆိုထားတဲ့ ရွာရဲ့ အဖွား အိမ်လေးမှာ မီဇိုရမ်အကြောင်းနားထောင်ဖို့ ပြေးလာခဲ့တယ်။ အိမ်ထဲရောက်တော့ တောင်ယာကအပြန် ဆုံခဲ့ကြတဲ့ လူငယ်တွေတော်တော်များများ ရောက်နှင့်နေကြပြီ။ လူစုံတဲ့ အချိန်မှာ အဖွားက တောင်ယာက ပါလာတဲ့ ပြောင်းဖူးကိုဖုတ်ပေးပြီး တစ်ယောက်တပိုင်းစီး စားကြဖို့ ချိုးပေးလိုက်တယ်။ လူငယ်သဘာ၀ စကြနောက်ကြရင်းနဲ့ ခုနက ဖလမ်းမြို့ပေါ်က ပြန်လာတဲ့ အစ်ကိုကြီးက အိမ်ပေါ် တက်လာပြီး သူ့ရဲ့ အတွေ့အကြုံတွေ၊ အထူးသဖြင့် သူမြင်ခဲ့တဲ့ ဖလမ်းမြို့ကြီးအကြောင်း၊ တချို့လူတွေက ရိခေါ်ဒါရ်ဖက်မှာ သွားပြီး အလုပ်လုပ်ကြတဲ့အကြောင်းပြောပြတာပေါ့။ သူပြောပြနေတဲ့ အချိန်ဆို ဘယ်သူမှ သူ့ကိုမေးခွန်းမမေးကြပဲ ငေးမောကြည့်ပြီး နားထောင်ကြတာပေါ့။ အထူးသဖြင့် နယ်စပ်မှာဆို ကုန်ထမ်းရင် တရက်၀င်ငွေဘယ်လောက်ရတဲ့ အကြောင်းတွေပြောပြတော့ ကိုယ်တွေလို လူငယ်လေးတွေအတွက်က အမှန်တကယ် စူးစမ်းစရာ ခရီးလေးတစ်ခုပေါ့။ ညည်ကလည်း နက်လာပြီဆို တော့ အဖွားက အိပ်ကြဖို့ ပြောတော့ မီးဖိုချောင်ရဲ့ မီးဖိုနံဘေးလေးမှာ ကိုယ့်စောင်ကိုယူပြီး အိပ်ဖို့ပြင်ကြတာပေါ့။
တကယ်တော့ အဖွားက ဒီရွာမှာဆို အသက်အကြီးဆုံး။ သူ့ရဲ့ အမျိုးသားက လွန်ခဲ့တဲ့ ဆယ်နှစ် ကတည်းကဆုံးသွားပြီ။ အိမ်မှာ သူ့တယောက်ထဲပဲဆိုတော့ အိမ်မှာ အထီးမကျန်ရလေးအောင် ကျွန်တော်တို့ ကာလသား၊ လူငယ်လေးတွေက အဖွားကို အဖေါ်ပြုပေးရင်း အဖွားအိမ်မှာပဲ အိပ်ကြတယ်။ ဒါကလည်း ရွာရဲ့ ချစ်စရာ ဓလေ့ပေါ့။ အဖွားအတွက် ထင်းခွေကြတယ်၊ ရေခပ် ပေးကြတယ်။ ညကြရင် အဖွားက တောင်ယာကနေယူလာတဲ့ ပြောင်းဖူးတို့၊ ကန်ဇွန်းဥတို့ကို ဖုတ်ကျွေး တယ်။ ဒီလိုနဲ့ ကျွန်တော်တို့လူငယ်ရဲ့ ဆုံရပ်ကတော့ အဖွားရဲ့ အိမ်အိုလေးမှာပါပဲ။ အဖွားအိမ် လေးကနေပဲ ရိုးရာပုံပြင်လေးတွေ၊ ရွာရဲ့ ဖြစ်စဥ်လေးတွေ၊ ရှေးဖြစ်ရပ်ဆန်းလေးတွေကို အိပ်ယာ၀င်ပုံပြင်လေးတွေအဖြစ် နားထောင်ခဲ့ရတယ်။
ဒီတစ်ညတော့ တော်တော်နှင့်အိပ်မပျော်၊ ဖလမ်းက ပြန်လာတဲ့ ရွာသားရဲ့ စကားတွေက စဥ်းစားရင် တကယ်ပဲ စူးစမ်းချင်တဲ့စိတ်တဖွဖွဖြစ်လာတယ်။ အတွေးလေးတွေနဲ့ ပျံ့လွင့်နေတုန်းပဲ သန်ခေါင် ကြက်တွန်သံ တစ်ချက်ကြားလိုက်တယ်။ ဘာပဲဖြစ်ဖြစ် အိပ်တော့မယ်ဆိုပြီး အိပ်နိုင်အောင် ကြိုးစား အိပ်လိုက်ပါတော့တယ်။ မနက် ငါးနာရီထိုးတော့ အဖွားက ထမင်း၊ ဟင်းချက်နေပြီ။ ထကြတော့တဲ့။ မင်းတို့ မိဘတွေတောင်ယာသွားဖို့ ပြင်နေတော့မယ်ဆိုပြီး သတိပေးတယ်။ ဒီလိုနဲ့ ကမန်းကတန်းထပြီး အိမ်ကိုပြန်ပြေးရတယ်။
အဖွားပြောသလိုပဲ အိမ်မှာ အမေက အဆင်သင့်ဖြစ်နေပြီ။ မနက်စာ ထမင်း၀ိုင်းပြင်နေပြီ။ ဒီလိုနဲ့ မိသားစု ထမင်း၀ိုင်းလေး စတင်ခဲ့ကြပြီး မနက်စောစော တောင်ယာသွားကြရပြီ။ တောင်ယာသွားတဲ့ လမ်းမှာ အမေနဲ့ကပ်ရပ်မှာ လမ်းလျောက်သွားပြီး ညက ဘာတွေပြောခဲ့ကြတယ်ဆိုတာကို အမေ့ကို ပြန်ပြောပြဖြစ်တယ်။ အမေ့ကတော့ ဘာမှမတုန့်ပြန်ပေမဲ့ သားဖြစ်ချင်တဲ့ ဆန္ဒကိုတော့ သတိထားမိပုံ ပေါ်ပါတယ်။ သားအရွယ်ရောက်လာရင် မီဇိုရမ်ဖက်သွားကြည့်ပေါ့တဲ့။ တကယ်တော့ ကိုယ်က ခုမှ အသက်က ၁၅ နှစ်၀န်းကျင်၊ အဖေကတော့ သားရယ်ငယ်ပါသေးတယ်။ ကြီးလာမှ သွားပေါ့လို့ နှစ်သိမ့် ပေးတယ်။ ဒါပေမဲ့ အရမ်းသွားချင်တဲ့ ခရီးဖြစ်နေတော့ မီဇိုရမ်ဖက်ခရီးဟာ တကယ်ပဲ ကြီးကျယ်တဲ့ အိပ်မက်လို မက်ခဲ့ရတယ်။ ဒါပေမဲ့ အဖေ၊ အမေရဲ့ ခွင့်ပြုချက်နဲ့ နွေရာသီမှာ မီဇိုရမ်ဖက်ကို ရွာက လူငယ်လေးတွေနဲ့ အတူတူသွား၊ အလုပ်လုပ်ဖို့ လွတ်လိုက်တယ်။ မိဘကတော့ ငယ်သေးတယ်ဆိုပေမဲ့ ကိုယ်ကတော့ စွန့်စားချင်တော့ ရိခေါ်ဒါရ်ဖက်ကို တက်လာခဲ့တယ်။
ရွာကနေ သုံးရက်လောက်တောတောင်တွေဖြတ်ပြီးလမ်းလျောက်လိုက်တော့ ရိခေါ်ဒါရ် ဆိုတဲ့ နယ်စပ် ရွာလေးရောက်လာတယ်။ ရောက်ရောက်ချင်းပဲ ရွာနားက လူတွေက ဘာတွေလုပ်ကြလဲဆိုတာကို တီအိုချောင်း (အိန္ဒိယ-မြန်မာနယ်စပ်ခြားရာချောင်း) နားသွားပြီးလေ့လာခဲ့သေးတယ်။ အဲချိန်မှာပဲရွာထဲက လူကြီးတယောက်ရောက်လာပြီး မနက်ဖြန်ကြရင် ကုန်တင်ကားတွေ ဖလမ်းကနေဆင်းလာမယ်။ တီအိုချောင်းတဖက်ခြမ်းကို ကုန်ထမ်း ပို့ရမယ်၊ လုပ်ကြမလားပြောလို့ လုပ်မယ်ဆိုပြီး ပြောလိုက်ကြတယ်။
အဲချိန်တုန်းမှာဆို အိမ်ခြေသုံးဆယ်ကျော်တဲ့ ရိခေါ်ဒါရ်ရွာကလေးဆိုတာပဲရှိသေးတယ်။ အကုန်လုံးက ချင်းလူမျိုးတွေပါပဲ။ အိန္ဒိယဖက်ခြမ်းမှာဆို တည်းခိုရိပ်သာလေးတွေ၊ ပစ္စည်းထားတဲ့ ဂိုဒေါင်လေးတွေ ပဲရှိပါတယ်။ တီအိုချောင်းနားမှာဆို လယ်ကွင်းလေးတွေပဲရှိတယ်။ ကုန်ပစ္စည်းကို ပခုံးနဲ့ထမ်းတင်ပြီး တဖက်ခြမ်းက ဂိုဒေါင်လေးတွေဆီမှာထားရတယ်။ အဲဒီချိန်မှာဆို သံကြိုးကြီးတဂွင်းနဲ့ အိတ်တွေကို ချိတ်ဆွဲပြီး ဟိုဖက်ဒီဖက် လူအားနဲ့ ဆွဲပြီး ကုန်ကူးရတယ်။ တကယ်ပဲ ခက်ခဲကြမ်းတမ်းခဲ့တယ်။ ဒါပေမဲ့ ပျော်စရာဘ၀တွေလို့ ခံယူပြီး အလုပ်လုပ်ခဲ့တယ်။ ဒီလိုနဲ့ တီအိုချောင်းနားမှာ အိမ်ခြေတွေ များများလာပြီး မီဇိုရမ်ပြည်နယ်ဘက် ဇိုခေါ်ထာရ်ရွာအဖြစ် အခြေတည်လိုက်တာ ခုဆိုအိမ်ခြေထောင်ကျော်တဲ့ ရွာကလေး တစ်ရွာဖြစ်လာတယ်။ မြန်မာပြည်ဖက်ခြမ်းမှာလည်း အိမ်ခြေတွေတဖြည်းဖြည်းများလာပြီး ရိခေါ်ဒါမြို့အထိ ဖြစ်လာခဲ့တယ်။
ဟိုးအရင်ကတည်းက တီအိုချောင်းကမ်းနဖူး ဟိုဖက်ဒီဖက်မှာ လွယ်လွယ်ကူကူ ကူးလူး ဆက်ဆံခဲ့ကြတယ်။ နှစ်ဖက်လုံးမှာ ချင်းလူမျိုးတွေပဲ ဖြစ်ကြတော့ အချင်းချင်း ရိုင်းပင်း ကူညီခဲ့ကြ တာပေါ့။ သာရေး၊ နာရေးတွေမှာဆို တက်တက်ကြွကြွပါ၀င်ခဲ့ကြတယ်။ ဒါပေမဲ့ ၂၀၀၀ ခုနှစ်မှာ တီအိုချောင်းကူးတံတားဆောက်လုပ်ပြီးတဲ့ နောက်ပိုင်း နှစ်နိုင်ငံရဲ့ လုံခြုံရေးတွေ၊ အစိုးရဌာနတွေ ရှိလာတော့ တင်းကြပ်လာတယ်။ သွားလာရတာလွယ်ကူလာပေမဲ့ ဖြတ်ကူးရတဲ့အချိန်တွေ ကန့်သတ်ချက်တွေရှိလာတယ်။ ရိခေါ်ဒါရ် ကုန်သွယ်ရေး စခန်းမဖြစ်ခင်တုန်းကလို ကူးလူးဆက်ဆံ ရတာတွေကကန့်သတ်ချက်တွေရှိလာတယ်။ ဒါပေမဲ့ ဒေသခံတွေကတော့ တီအိုချောင်းကို ကူးပြီး သွားလာကြတုန်းပါပဲ။ တကယ်တော့ ရိခေါ်ဒါရ် ကုန်သွယ်ရေးစခန်းဆိုတာဟာ ဒေသခံချင်းလူထုက အကောင်အထည်ဖေါ်တဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းကနေ စတင်ခဲ့တာ ခုဆိုရင် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းဖြစ်လာတယ်။
ဒီလိုနဲ့ ကျွန်တော်လည်း ဒီဒေသမှာ အခြေချလာတာ နှစ်ပေါင်း သုံးဆယ်ကျော်လာခဲ့ပြီ။ ထူးခြားဖြစ်စဥ် အနေနဲ့တော့ ၂၀၂၁ ခုနှစ် စစ်တပ်ရဲ့ အာဏာသိမ်းမှုဖြစ်ပြီးတဲ့ နောက်မှာတော့ ဒေသခံချင်းလူထုကပိုင်တဲ့ ကုန်သွယ်ရေးစခန်းပြန်ဖြစ်လာတယ်။ အရင်လိုပဲ လွတ်လွတ် လပ်လပ်ကုန်သွယ်ကြတယ်။ ဒါပေမဲ့ စိန်ခေါ်မှာတွေလည်း ကြုံရပြန်တယ်။ အိန္ဒိယဗဟိုအစိုးရအနေနဲ့ နယ်စပ်တလျောက်မှာ ခြံစည်းရိုးခပ်ဖို့ ထုတ်ပြန်လာတာတွေရှိလာတယ်။ ဒီလိုသာ လုပ်မယ်ဆိုရင် အိန္ဒိယ-မြန်မာနယ်စပ်မှာ နေထိုင်ကြတဲ့ ချင်းလူမျိုးတွေအတွက် စိန်ခေါ်မှုတွေ အများကြီးဖြစ်လာမယ်။ ဒါကိုတော့ ရိခေါ်ဒါရ်-ဇိုခေါ်ထာရ်မှာ နေထိုင်ကြတဲ့ လူတွေကတော့ အကြီးအကျယ်ကန့်ကွက်ကြတယ်။ ဘာလို့လဲဆိုတော့ ဒီနေရာဟာ အဂ်လိပ်အစိုးရက မြေပုံဆွဲလို့သာ ချင်းတွေက နှစ်နိုင်ငံ၊ နှစ်နိုင်ငံသားဖြစ်နေတာပါ။ တကယ်တော့ ဒီဒေသမှာ နေထိုင်ကြတဲ့သူတွေက တမိသားစုတွေ၊ မျိုးနွယ်စုတစ်ခုတည်းပါ။ ဒါကြောင့် နယ်စပ် တလျောက်မှာ ခြံစည်းရိုးခပ်ခဲ့ရင် ချင်းတွေရဲ့ မူလ လွတ်လပ်မှု၊ ယဥ်ကျေးမှုတွေကို ကန့်သတ်သလို ဖြစ်သွားသလို နိုင်ငံရေးအရ ပြဿနာများစွာ ဖြစ်လာနိုင်တဲ့ အခြေအနေ ရောက်လာနိုင်ပါတယ်။
တကယ်တော့ ငယ်ငယ်က ညအိပ်ယာ၀င်ပုံပြင်အဖြစ် အဖွားပြောပြဖူးတဲ့ ပုံပြင်လေးကို ပြန်သတိရမိတယ်။ ကျွန်တော်တို့ဒေသက လူတွေဟာ သေပြီးသွားတဲ့အခါကျရင် ရိအသဲနှလုံးပုံ ရေကန်ကနေ တမလွန်ရွာကို သွားကြတဲ့ ဓလေ့ရှိနေသတဲ့။ ဒါကြောင့် ဒီနယ်မြေဟာ ကျွန်တော်တို့ဘိုးဘွားတွေအတွက်ကော၊ ကျွန်တော်တို့ ချင်းတွေအတွက်ကော တကယ်ထိန်းသိမ်း သင့်တဲ့ မြင့်မြတ်တဲ့ နိဗ္ဗာန်ဘုံ ဆိုရင်လည်း မမှားပါဘူး။ အိန္ဒိယမှာ နေထိုင်တဲ့ မီဇိုလူမျိုးတွေ အတွက်ပဲဖြစ်ဖြစ်၊မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ချင်းလူမျိုးတွေအတွက်ပဲဖြစ်ဖြစ် အလွန်တရာတန်ဖိုးကြီးတဲ့ ယဥ်ကျေးမှု နယ်မြေဖြစ်တဲ့ အတွက် ကျွန်တော်တို့ကိုခွဲခြမ်းစေတဲ့ ဘယ်မူ၀ါဒကို မဆို ဆန့်ကျင်သင့်တယ်။ နောင်လာနောင်သားတွေမှာလဲ ဒီလိုခွဲခြားမှုတွေကို ဖြစ်စေတဲ့ ဘယ်လိုလူမျိုး၊ မူ၀ါဒတွေကိုမဆို ဆန့်ကျင်သင့်တယ်လို့ ယုံကြည်မိပါတယ်။ ကျွန်တော်တို့ ချင်း-မီဇိုတွေရဲ့ လွတ်လပ်မှု၊ ယဥ်ကျေးမှုတွေကို ထိန်းသိမ်းသင့်တယ်လို့ ဆန္ဒပြုမိတယ်။
အထူးသဖြင့် နွေဦးတော်လှန်ရေးမှာပါ၀င်ကြတဲ့ ချင်းတော်လှန်ရေးတပ်တွေရဲ့ ချွေး၊ သွေးအားနဲ့ ရိခေါ်ဒါရ်မြို့ကို ချင်းတို့ကိုယ်တိုင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၃)ရက်တွင် ထိန်းချုပ်နိုင်ခဲ့ပြီ။ ကိုယ့်ရဲ့ နယ်မြေကို တကယ်ပဲထိန်းချုပ်နိုင်ခဲ့ပြီဖြစ်အတွက် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု အနေနဲ့ လွတ်လွတ်လပ်လပ် အသုံးပြုလို့ရလာနိုင်သလို ချင်း-မီဇိုရဲ့ ယဥ်ကျေးမှု နယ်မြေတရပ်အနေနဲ့လည်း အကောင်အထည်ဖော် သင့်တဲ့ နယ်မြေဖြစ်လာပြီ။ ဒါကြောင့် ဒီမြေဟာ အစုအဖွဲ့တစ်ခု၊ လူမျိုးနွယ်စုတစ်ခုတည်းကပဲ ပိုင်ဆိုင်တဲ့ နယ်မြေလို့ဆိုတာထက် ချင်း-မီဇိုလူမျိုးတွေ၊ ကျွန်တော်တို့ရဲ့ ဖိုးဘွားတွေပိုင်ဆိုင်တဲ့ နယ်မြေ၊ ယဥ်ကျေးမှုနယ်မြေအဖြစ် ဂုဏ်ယူကြပါစို့၊ ချင်းတွေအားလုံးက စောင့်ရှောက်ကြပါစို့လို့ တိုက်တွန်း အပ်ပါတယ်။
ခွန်ဘီလီ
ခရီးသွားဧည့်သည်၊ ရိခေါ်ဒါရ်မြို့