၂၀၂၃ ခုနှစ် ဧပြီ၊ မေ၊ ဇွန် ၃ လအတွင်း စစ်ကောင်စီက ကျင်းပမဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်မဲ့ ပါတီတွေကို အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေကနေတဆင့် စောင့်ကြည့်နေခဲ့ရာမှာ ၃ လအတွင်း ကြံ့ခိုင်ရေး USDP တစ်ပါတီတည်း ၁၇၅ ကြိမ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ NUP က ၃၆ ကြိမ်၊ ပြည်သူ့ရှေ့ဆောင်ပါတီ PPP က ၃၁ ကြိမ်၊ ပြည်သူ့ပါတီ PP က ၇ ကြိမ် လှုပ်ရှားမှုလုပ်ခဲ့တာ တွေ့ရပါတယ်လို့ Burma Affairs & Conflict Studyက ထုတ်ပြန်ထားပါတယ်။
အထက်ပါ ၄ ပါတီက လှုပ်ရှားခဲ့တဲ့အထဲမှာတော့ လူထုစည်းရုံးရေး၊ ပါတီတွင်းစည်းရုံးရေး၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ ရွေးကောက်ပွဲပညာပေး၊ ရုံးခန်းဖွင့်ပွဲ/ဆိုင်းဘုတ်တင်ပွဲ၊ ပါတီချင်းတွေ့ဆုံပွဲနဲ့ နိုင်ငံတကာ ဆက်ဆံရေး တွေ့ဆုံတာမျိုးတို့သာပဲ ဖြစ်ပါတယ်။ စစ်တပ်ထောက်ခံမှုနဲ့ ရပ်တည်နေတဲ့ USDP ပါတီတခုသာ အများဆုံးလှုပ်ရှားနိုင်ခဲ့တာဖြစ်ပါတယ်။
လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ နိုင်ငံရေးပါတီများဟာ မြို့နယ် ၃၃၀ ရှိတဲ့အနက် တိုင်းနဲ့ ပြည်နယ် ၁၂ ခုက မြို့နယ် ၆၃ မြို့နယ်မှာ လှုပ်ရှားခဲ့ကြ ပါတယ်။
မြို့နယ်အလိုက် ကြည့်ရင် ဗဟန်းမြို့နယ်မှာ NUP ပါတီက ၁၆ ကြိမ်၊ PP က ၅ ကြိမ်လှုပ်ရှားခဲ့ကြပြီးတော့ ဒဂုံမြို့သစ်တောင်ပိုင်းမှာတော့ USDP က ၄၃ ကြိမ်ထိပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပါတီအလိုက် ရန်ကုန်တိုင်းမှာသာ အများဆုံး လှုပ်ရှားနိုင်ခဲ့တာ ဖြစ်ပါတယ်။ USDP က ရန်ကုန်တိုင်းမှာ ၁၀၉ ကြိမ်ပြုလုပ်ခဲ့ရာမှာ လူထုစည်းရေး ၅၂ ကြိမ်၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂၉ ကြိမ်၊ ပါတီတွင်းစည်းရုံးရေး ၂၅ ကြိမ်၊ ရွေးကောက်ပွဲပညာပေး ၁ ကြိမ်နဲ့ နိုင်ငံတကာဆက်ဆံရေး ၂ ကြိမ်တို့ ဖြစ်ပါတယ်။ NUP ကလည်း ရန်ကုန်တိုင်းမှာ လုပ်ငန်းအစည်းအဝေး ၂၆ ကြိမ်၊ ပါတီတွင်းစည်းရုံးရေး ၉ ကြိမ်၊ ဆိုင်းဘုတ်တင်ပွဲနဲ့ လူထုစည်းရုံး ၁ ကြိမ်စီ ပြုလုပ်နိုင်ခဲ့ကြ ပါတယ်။
တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲဝင်ပြိုင်မဲ့ ပါတီတွေအနေနဲ့ ရန်ကုန်တိုင်းမှာသာ အများဆုံးပြုလုပ်နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။
တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတဲ့ စစ်ကိုင်းနဲ့ တနင်္သာရီတို့မှာ ၂၀၂၃ ခုနှစ်၊ ပထမ သုံးလပတ်က ပါတီလှုပ်ရှားမှုတွေ လုံးဝမရှိခဲ့ပေမယ့် ယခု ၃ လပတ်မှာတော့ လှုပ်ရှားမှု အနည်းငယ်ရှိလာတာကို တွေ့ရပါတယ်။ အလားတူ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိတဲ့ ကချင်နဲ့ ကရင်တို့မှာ ပထမ သုံးလပတ်နည်းတူ လှုပ်ရှားမှုအနည်းငယ်ကိုလည်း ယခု သုံးလပတ်မှာ တွေ့ရှိရပါတယ်။
သို့သော်လည်း မုံရွာ၊ မြိတ်၊ မြစ်ကြီးနားနဲ့ မြဝတီ စတဲ့ မြို့ပေါ်တွေမှာသာ လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။
စောင့်ကြည့်ထားတဲ့ ပါတီတွေဟာ စစ်ကောင်စီက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စစ်ကောင်စီ ပြင်ဆင်ပြဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်လျှောက်ထားတဲ့ ပါတီတွေ ဖြစ်ပေမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သီးသန့် လှုပ်ရှားမှု မရှိသလောက်နည်းပြီး လူထုစည်းရုံးစဉ်နဲ့ ပါတီတွင်းစည်းရုံးစဉ် ရွေးကောက်ပွဲအကြောင်း ထည့်သွင်းပြောဆိုမှုတွေသာ ရှိခဲ့တာကို တွေ့ရတယ်။ စစ်ကောင်စီက ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ စကားကို စစ်ကောင်စီ လက်အောက်ခံ နိုင်ငံရေးပါတီတွေ ကိုယ်တိုင် ယုံကြည်မှု မရှိတဲ့ သဘောလို့ ယူဆနိုင်ပါတယ်။ တဖက်မှာ ကြည့်ရင်လည်း မေလအတွင်း တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းဒဏ်သင့် ဒေသတွေကို သွားရောက်ပြီး ပါတီအမှတ်တံဆိပ်များ ဝတ်ဆင်ကာ ကူညီရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းတွေ ရှိခဲ့ရာမှာ ထိုပါတီတွေရဲ့ ရွေးကောက်ပွဲအကြို စည်းရုံးထားနိုင်သည့် အခွင့်အရေးလို့ ယူဆပြီး လုပ်ကိုင်ခြင်း ဖြစ်ကြောင်းလည်း ခန့်မှန်းနိုင်ပါတယ်။
အချက်အလက်များကို သတင်းမီဒီယာများ၊ ပါတီများ၏ facebook စာမျက်နှာများက စောင့်ကြည့်ထားခြင်းဖြစ်ပြီး မြေပြင်အချက်အလက်များတွင် ဒီထက်ပိုများပြားနိုင်တယ်လို့ အချက်အလက်ကောက်ခံတဲ့ Burma Affairs & Conflict Study ကထုတ်ပြန်ထားပါတယ်။