မေ ၂၉၊၂၀၂၆
Zalen
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်အတွင်းကို စစ်ကောင်စီက မနေ့က ည နေပိုင်း ၅ နာရီခွဲ ၀န်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တွေထံက သိရပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုမှာ နေပြည်တော်လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ နဲ့ ကန်ပက်လက်မြို့နယ်အရှေ့ခြမ်းကို လေကြောင်းတိုက် ခိုက်မှု နှစ် ကြိမ် ပြုလုပ်ခဲ့ တာပါ။

” ဗုံးသီး လေးလုံးကြဲသွားတာ။အဲဒါပြီးတော့ ရိက္ခာတွေလာချတယ်” လို့ ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။
ကန်ပက်လက် နဲ့ ဆောမြို့နယ် အစပ် နေရာတွေကို စစ်ကောင်စီတပ်က ရိက္ခာတွေ ထပ်ဖြည့်တော့ နှစ်ဖက် တိုက်ပွဲတွေ ဆက်လက် ပြင်းထန် နိုင်တယ်လို့ ၄င်းကရှင်းပြပါတယ်။
ကျောက်ထုက စစ်ကြောင်းနှစ်ကြောင်း ခွဲပြီး ဆောမြို့နယ်ဘက်ကိုထွက်ခွာလာတဲ့စစ်ကြောင်းကလည်း လက်ရှိအချိန်မှာ ဆောမြို့နယ် ၊ ကျောက်စစ်ရွာကို တစ်ချို့ရောက်ရှိလာကြပြီး ကန်ပက်လက်ဘက်လည်း စစ်ကူသွားနိုင်သလို၊ ဆောမြို့ကိုလည်း ၀င်နိုင်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၅ ရက် ၊မနက်အစောပိုင်းမှာလည်း ကန်ပက်လက် မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က ဆောမြို့ကနေ ကန်ပက်လက်မြို့ကို စစ်ကြောင်းထိုး၀င်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လက်ရှိအချိန်ထိ ၆ မိုင်၀န်းကျင်နားမှာပဲရှိနေကြသေးတယ်လို့ သိရပါတယ်။
ဒီကနေ့ မေလ ၂၉ ရက်နေ့မှာလည်း ကန်ပက်လက် နဲ့ ဆော နယ်စပ်ကို စစ်ကောင်စီက Y-12 ထောက်ပို့ ၊ ကင်းထောက် ၊ဗုံးကြဲလေယာဉ်နဲ့ လက်နက် ၊ ရိက္ခာ တွေ လာရောက် ချထားတယ်လို့ သိရပါတယ်။
သတင်း – မိုင်လှူးလှူး
















