
မေ ၂၁၊ ၂၀၂၆
Zalen
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုစိပ်လာပြီး ကျေးရွာတွေကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရှိနေတယ်လို့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့အစည်း (WJ) က မေလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ တိုက်ခိုက်မှုတွေလုပ်တဲ့နေရာမှာ နိုင်ငံတကာက တားမြစ်ထားတဲ့ ပဒေသာဗုံး တွေကိုပါ သုံးပြီး ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေကြားထဲ စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတစ်လထဲမှာတင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ အရပ်သား ၁၆ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရခဲ့တယ်လို့ WJ ရဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
ဒါ့အပြင် သေနတ်နဲ့ ပစ်သတ်ခံရသူ ၂ ဦး ရှိခဲ့သလို ဘာသာရေးအဆောက်အအုံတွေ အပါအဝင် နေအိမ်အဆောက်အအုံ ၁၉၀ ကျော်လည်း ပျက်စီးခဲ့ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ စစ်ကော်မရှင်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ချင်းပြည်နယ်ထဲက ထန်တလန်၊ မတူပီ၊ ဖလမ်း၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေက ဒေသခံပြည်သူ ၄ သောင်းကျော်ဟာ ဘေးလွတ်ရာ အိန္ဒိယ-မြန်မာနယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အဲဒီစစ်ဘေးရှောင်တွေအတွက် အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
သတင်းမှတ်တမ်းနဲ့ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ WJ အဖွဲ့ဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲမှာ နည်းမျိုးစုံနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရပြီး အကြမ်းဖက်မှုနဲ့ ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေအပြင် ထောက်ပံ့ကူညီမှုတွေပါ ပေးအပ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
သတင်း-ဆလိုင်း
ဓာတ်ပုံ- ပုံဟောင်း












