
မေ ၂၇ ၊၂၀၂၆
Zalen
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်အတွင်းကို စစ်ကောင်စီက ယမန်နေ့ညနေပိုင်း ၇ နာရီခွဲ ၀န်းကျင်မှာ လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုမှာ မိတ္ထိလာလေတပ်ကနေ တက်လာတဲ့ စစ်ကောင်စီ ကင်းထောက် ၊ထောက်ပို့ယာဉ် တစီးက ကန်ပက်လက်မြို့နယ်အရှေ့ခြမ်းကို လေကြောင်းတိုက် ခိုက်မှု ၈ ကြိမ် ထပ်မံပြုလုပ်ခဲ့ တာပါ။
” နေရာအတိအကျတော့ မသိရဘူး။ လေကြောင်းကနေတော့ ဆက်တိုက်ကြဲနေတာ။ တိုက်ပွဲဖြစ်တဲ့နေရာတွေ နဲ့အနီးအနားတွေဖြစ်မယ်။ Y-12 က အတွဲလိုက်ချတယ်။ ကြိုဆိုပါ၏ အနီးအနားတွေလောက်ဖြစ်ဖို့များတယ်” လို့ ဒေသခံတဦးက Zalen ကိုပြောပါတယ်။

မေလ ၂၅ ရက် ၊ မနက်အစောပိုင်းမှာလည်း ကန်ပက်လက် မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က ဆောမြို့ကနေ ကန်ပက်လက်မြို့ကို စစ်ကြောင်းထိုး၀င်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လက်ရှိအချိန်ထိ ၆ မိုင်၀န်းကျင်နားမှာပဲရှိနေကြသေးတယ်လို့ သိရပါတယ်။
စစ်ကောင်စီလေကြောင်းကလည်း အဆိုပါစစ်ကြောင်းအတွက် ဒရုန်း ကင်းထောက်ပျံဝဲတာ၊ Y-12 နဲ့ ရိက္ခာချ ၊ဗုံးကြဲတိုက်ခိုက်တာလမ်းရှင်းပေးတာ ၊ ဂျက်ဖိုက်တာနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်တာတွေ အဆက်မပြတ် ပြုလုပ်နေတာဖြစ်ပါတယ်။
သတင်း – မိုင်လှူးလှူး









