စစ်ကောင်စီ တိုက်လေယာဉ်က RCSS ဥက္ကဌ ခရီးစဉ်အနီး ခြိမ်းခြောက် ပျံသန်းမှုဖြစ်ပွား

မေ ၂၈၊ ၂၀၂၆

Zalen

Zalen ad

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ရဲ့ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး ယွက်စစ် နယ်မြေခံလူထုနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ ခရီးစဉ်အတွင်း၊ စစ်ကောင်စီဘက်က တိုက်လေယာဉ်တစင်းနဲ့ အနီးကပ် လာရောက်ပျံသန်းပြီး ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ မေလ (၂၇) ရက်နေ့ မနက် (၁၀) နာရီ (၅) မိနစ်အချိန်ခန့်က သျှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့နယ်၊ ခိုအွတ်ကျေးရွာအုပ်စု၊ ဝမ့်နန်းကျေးရွာအတွင်းကို ရောက်ရှိနေတဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့အဖွဲ့ကို စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစင်းက လာရောက်နှောက်ယှက်ခဲ့တာ ဖြစ်ပါတယ်။

RCSS ဥက္ကဌဟာ မိုင်းပန်မြို့နယ်၊ နားဝွမ်ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ စေတီထီးတော်တင်ပွဲကို တက်ရောက်အပြီး၊ မိမိတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူလူထုတွေနဲ့ တွေ့ဆုံဖို့အတွက် မေလ (၂၆) ရက်နေ့ကတည်းက အဆိုပါ ဝမ့်နန်းကျေးရွာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒီလို လူထုတွေ့ဆုံပွဲ လုပ်ဆောင်နေစဉ်အတွင်း နမ့်စန်လေတပ်စခန်းက လာတယ်လို့ ယူဆရတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစင်းဟာ ဝမ့်နန်းကျေးရွာအနီးကို (၆) ကြိမ်တိုင်တိုင် အနီးကပ် ချဉ်းကပ်ပျံသန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ တိုက်လေယာဉ်ဟာ အစပိုင်းမှာ ဝမ့်နန်းကျေးရွာအထက် ဝေဟင်ကနေ ခပ်လှမ်းလှမ်းကနေပဲ လှည့်ပတ်ပျံသန်းခဲ့ပေမယ့်၊ နောက်ပိုင်းမှာတော့ ကျေးရွာနဲ့အနီးဆုံးအထိ တဖြည်းဖြည်း ချဉ်းကပ်မောင်းနှင်ပြီး ခြိမ်းခြောက်တဲ့ လက္ခဏာတွေကို ဗြောင်ကျကျ ပြသသွားခဲ့တယ်လို့ သိရပါတယ်။

 RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က “အခုသွားရောက်တဲ့ ခရီးစဉ်ဟာ မိမိတို့အုပ်ချုပ်ရေးနယ်မြေအတွင်းက ဒေသခံ တိုင်းရင်းသား ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အရပ်ဘက် ခရီးစဉ်သက်သက်သာ ဖြစ်တာကြောင့် ဘာစစ်ရေး ပြင်ဆင်မှုမှ လုပ်ဆောင်ထားခြင်း မရှိပါဘူး။ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် တွေကို ထောက်ရှု ငဲ့ညှာတဲ့အနေနဲ့ စစ်ကောင်စီရဲ့ အခုလို ခြိမ်းခြောက်လာမှုကို တစုံတရာ တုန့်ပြန်ခဲ့ခြင်း မရှိတာဖြစ်တယ်” လို့ Tai Freedom သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရက် (၁၀၀) ငြိမ်းချမ်းရေးစီမံချက်ကို တရားဝင် ကမ်းလှမ်းထားတဲ့ အချိန်မျိုး ဖြစ်ပါတယ်။

အခုလို ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွေနဲ့ လုံးဝကိုက်ညီမှုမရှိတဲ့ လုပ်ရပ်တွေကြောင့် နှစ်ဦးနှစ်ဖက် အကြား တည်ဆောက်ထားတဲ့ ယုံကြည်မှုနဲ့ နားလည်မှုတွေကိုပါ ကြီးကြီးမားမား ထိခိုက်ပျက်စီး စေနိုင်တယ် လို့လည်း RCSS ဥက္ကဌက ဖြည့်စွက် သတိပေး ပြောကြားသွားခဲ့ပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ပလက်ဝမှာ လေပြင်းတိုက်လို့ ဘုရားကျောင်းနဲ့ အိမ်တွေ ပျက်စီး

မေ ၂၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ မေလ ၂၇ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့လို့ ဘုရားကျောင်း၊ ရွာခန်းမနဲ့ အိမ်ခြေအချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့က မေလ ၂၇ ...

ဆက်ဖတ်ရန်