ကလေးမြို့က လေယာဉ်ပြေးလမ်းပြုပြင်နေချိန် ခရီးစဉ်တွေပျက်မှာကို ခရီးသွားပြည်သူတွေစိုးရိမ်နေ

ချစ်ခြင်းနွေ၊ ၂၂၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ လေယာဉ်ကွင်း ပြေးလမ်းကို လာမယ့် ဒီဇင်ဘာလအတွင်း ပြုပြင်ရေး ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ပြုပြင်နေချိန်အတွင်းမှာ လေကြောင်းခရီးစဉ်တွေ ပျက်သွားမှာကို ခရီးသွားလာတဲ့ဒေသခံတွေ စိုးရိမ်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလအတွင်း လေယာဉ်ပြေးလမ်းပြုပြင်နေချိန်မှာ လေယာဉ်ဆင်းတက်ချိန်တို့  ခရီးစဉ်တို့ မရပ်တန့်ပဲ ဆက်ပြေးဆွဲသွားမှာဖြစ်တယ်လို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေက ပြောပေမယ့် လက်မှတ်တွေ ကြိုတင်ဝယ်ယူထားရတဲ့ ခရီးသည်တွေကတော့ ခရီးစဉ်တွေ ပျက်မှာကို စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

“ဒီဇင်ဘာကျတော့ ခရီးသွားလာများတယ်လေ။ ကျွန်မက ကလေးကို ပြန်ဖို့ အသွားအပြန် တစ်လကျော် နှစ်လလောက်ကတည်းက ကြိုဝယ်ထားရတာ။ ခရီးစဉ်ကလည်း အခုဆိုနည်းတယ်လေ။ ဒီအပြင် ဒီဇင်ဘာလမှာ ပြေးလမ်းပြင်ဦးမယ်ဆိုတော့ ခရီးစဉ်ပျက်သွားရင် အဆင်မပြေဘူး။ ကားတွေဘာတွေကလည်း သွားလာလို့ ခက်ခဲတယ်ဆိုတော့၊ ခရီးစဉ် မပျက်ပါစေနဲ့ပဲ ဆုတောင်းရမှာပဲ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခု အောက်တိုဘာ လလယ်ပိုင်းကနေ ဒီဇင်ဘာ လကုန်အထိ လေယာဉ်လက်မှတ်တွေ ရောင်းထွက်သွားပြီလို့ လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တွေက ပြောကြပါတယ်။

ဒီဇင်ဘာလမှာ လေယာဉ်ပြေးလမ်းပြုပြင်နေချိန်အတွင်း ခရီးစဉ်တွေကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး စတဲ့နေ့တွေရဲ့ မနက်ပိုင်းမှာ ပြေးဆွဲသွားမှာဖြစ်တယ်လို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စား လှယ်တွေက သိရပါတယ်။

လက်ရှိ လေယာဉ်ဆင်းတက်ချိန်ဟာ နေလည်ပိုင်းနဲ့ ညနေပိုင်းတွေဖြစ်ပြီး လေယာဉ်ကွင်းပြေးလမ်း ပြုုပြင်ချိန်မှာ မနက်ပိုင်းပဲ ပြေးဆွဲမှာဖြစ်တယ်လို့ လေယာဉ်လက်မှတ်ရောင်းချသူတွေက ပြောပါတယ်။

အရင်က ကလေးမြို့ကနေ ရန်ကုန်၊ မန္တလေး၊ မုံရွာစတဲ့ မြို့တွေကို မြန်မာ့လေကြောင်း MNA၊ ကမ္ဘောဇလေကြောင်းလိုင်း (Air KBZ)၊ သံလွင်လေကြောင်းလိုင်း(Air ThanLwin) စတဲ့လေကြောင်းလိုင်းတွေ ပြေးဆွဲခဲ့ပေမယ့် လက်ရှိမှာ မြန်မာ့လေကြောင်းလိုင်းတစ်ခုတည်းသာ ပြေးဆွဲနေတာဖြစ်တာကြောင့် လေကြောင်းလမ်းကိုသာ အဓိက အသုံးပြုနေရတဲ့ ကလေးဒေသခံတွေအတွက် အတော်အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

“ အရင်တုန်းက ကားနဲ့ဆို တစ်ညအိပ်ဆိုရောက်ပြီလေ၊ ကားခကလည်း ၄သောင်းဝန်းကျင်ပဲ။ အခုက လေယာဉ်လက်မှတ်တစ်စောင်ကို ကြိုတင်ပြီး အလုအယက်ဝယ်ရတယ်၊ စျေးကလည်း ၃သိန်းခွဲနီးပါးလေ။ ဒီဇင်ဘာလက ခရစ်မတ်နဲ့ နှစ်သစ်ကူးဆိုတော့ မိသားစုနဲ့ အတူ နေချင်လို့ ဝယ်ရတာ။ အဆင်မပြေဘူး။ ” လို့ ခရီးသွားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ကလေးမြို့ လေဆိပ်ကနေ ခရီးသွားလာဖို့အတွက် ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးပြီးဖြစ်ကြောင်း လက်မှတ်ကို ပြသရပြီး မပါရင် ငွေကျပ် နှစ်သောင်းခွဲပေးကာ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးပြီးလက်မှတ်ကို ဝယ်နေရတယ်လို့ ခရီးသွားလာသူတွေက ပြောကြပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့ကစပြီး ကလေး- ရန်ကုန်လေယာဉ်လက်မှတ်စျေးနှုန်းဟာ ၂၉၀,၀၀၀ ကျပ်မှ ၃၂၀,၀၀၀ ကျပ်၊ ရန်ကုန်- ကလေးစျေးနှုန်း ၂၂၇,၀၀၀ ကျပ်ကနေ  ၂၅၅,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်