ဇူလိုင် ၇၊၂၀၂၆
Zalen
ချင်းပြည်နယ် ၊မင်းတပ်မြို့နယ် တိုက်နယ် ၂ ဘက် ကို မနေ့ည ၁၀ နာရီ၀န်းကျင်မှာ စစ်တပ်က အရပ်သားပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုမှာ တံတားဦးကနေတက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးနဲ့ အရပ်သားပစ်မှတ်ထားပြီး ပေါက်ကွဲအားပြင်းတဲ့ ဗုံးသီးအသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

” ဆေးခန်းကိုဗုံးလာကြဲတာ။ အရပ်သားတွေပဲ နေတာလေ။ လေကြောင်းတိုက်ခိုက်လို့ဒဏ်ရာရတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်။သက်လတ်ပိုင်းလို့ပြောတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက Zalen ကိုပြောပါတယ်။
ဆက်လက်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားလူနေအိမ် ၁၀ လုံးကျော်ထိခိုက်မှုရှိတယ်လို့ ၎င်းက ရှင်းပြပါတယ်။
ဒါ့အပြင် အဲဒီ တံတားဦး ကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက ပထမအကြိမ်မှာ မင်းတပ်မြို့တစ်နေရာကို ၁ ကြိမ် ၊ ဗုံးနှစ်လုံး နဲ့ကြဲချတိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကလည်း မင်းတပ်အရှေ့ခြမ်း ကို Y-12 လေယာဉ်နဲ့ ဗုံးသီးအလုံး ၃၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
သတင်း – မိုးပီအောင်
ဓာတ်ပုံ – HKL
















