ခရစ်ယာန် ဘုရားကျောင်းတချို့ ဝတ်ပြုကိုးကွယ်ခွင့် ပိတ်ပင်ခံရ

ချစ်ခြင်းနွေ၊ ၂၅၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၃ ရပ်ကွက်ရှိ ဧဝံဂေလိ ဘုရားကျောင်း အပါအဝင် ဘုရားကျောင်း လေးကျောင်းကို အထက်ရဲ့ ညွန်ကြားချက်အရဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့က လာရောက်ကာ ဝတ်ပြုကိုးကွယ်တာတွေ မပြုလုပ်ဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က ပိတ်ပင် ကန့်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ရက်နေ့က ရပ်ကွက် ရာအိမ်မှူးကလာရောက်ပြီး ဝတ်ပြုကိုးကွယ်ခွင့်ကို ပိတ်ပင်ခဲ့တာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဓမ္မအမှုတော်ဆောင် ဆရာတစ်ပါးက ပြောပါတယ်။

“ လာမပိတ်ခင် အရင်ပတ်ကတည်းက ကျွန်တော်ကို လာမေးမြန်းတာရှိတယ်။ ကျွန်တော်ကလည်း ကောင်းကောင်းမွန်မွန်ပဲ ဖြေကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အထက်ကညွန်ကြားချက်အရဆိုပြီး ဘုရားမရှိခိုးနဲ့တော့လို့ လာပြောပါတယ်။ ကျွန်တော်တို့ ဘုရားရှိခိုးတာက ဘုရားကျောင်းကြီးကြီးမားမားလည်း မဟုတ်ပါဘူး။ ရပ်ကွက်ထဲမှာ ကျွန်တော်တို့ Home Church လေး သုံးလေးအိမ်ရှိပါတယ်။ အဲ့တာကို လာပြီးတော့ တားတာပါ ” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဓမ္မအမှုတော်ဆောင် ဆရာတစ်ပါးက ပြောပါတယ်။

ရန်ကုန်မြို့ထဲက တရားဝင်အဆောက်အဦး ဘုရားကျောင်းတွေမှာ သွားရောက်ဝတ်ပြုဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့တွေက ညွန်ကြားထားပေမယ့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေများတာကြောင့် သွားရောက် ဝတ်ပြုကိုးကွယ်ဖို့ အခက်အခဲဖြစ်နေတာပါ။

“ ရပ်ကွက်ကလူတွေနဲ့လည်း တခြားဘာသာဝင်တွေနဲ့လည်း ကျွန်တော်တို့က အေးအေးချမ်းချမ်းနေကြတာပါ။ အဆင်ပြေပါတယ်။ ဒီလိုတားမြစ်တော့ ဝတ်ပြုဖို့ တော်တော်အခက်အခဲဖြစ်ပါတယ်။ အသင်းသားတွေလည်း ငိုတဲ့သူလည်း ငို၊ ကြောက်တဲ့သူလည်း ကြောက်၊ အကုန်လုံး လန့်ဖြန့်ကုန်တာပေါ့။” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဓမ္မအမှုတော်ဆောင် ဆရာတစ်ပါးကပြောပါတယ်။

တည်ဆဲဥပဒေတွေကို လိုက်နာသလို ခရစ်ယာန်ဘာသာတရားအရ အေးချမ်းစွာ နေထိုင်တာဖြစ်တဲ့အတွက်  လွတ်လပ်စွာ ကိုးကွယ်ခွင့် ရရှိချင်တယ်လို့ ဘုရားကျောင်းအပိတ်ခံရတဲ့ ခရစ်ယာန်အသင်းသူ၊ အသင်းသားတွေက တောင်းဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းပိုင်းက ဧရာဝတီတိုင်း၊ ပန်းတနော်မြို့မှာ Amazing Grace Children Home ဘုရားကျောင်းကိုလည်း ဝတ်ပြုကိုးကွယ်ခွင့် အပိတ်ခံခဲ့ရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးက လာရောက်ပိတ်ပင်ခဲ့တာဖြစ်ပြီး ဝတ်ပြုကိုးကွယ်သူတွေကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် အဲဒီဘုရားကျောင်းကို တစ်လကြာ ဘုရားဝတ်ပြုရှိခိုးခြင်းကို ရပ်နားတယ်လို့ Amazing Grace Children Home ဘုရားကျောင်းရဲ့ ဓမ္မအမှုတော်ဆောင် ဆရာတော်ဦးဇော်မင်းက ပြောပါတယ်။

“ ကျွန်တော်အနေနဲ့တော့ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့်ဆိုတာ ရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ မကောင်းဘူးပေါ့နော်။ သူတို့အတွက်ပဲ ဆုတောင်းပေးတယ်။ ဘာပဲပြောပြော အဆင်ပြန်ပြေသွားဖို့၊ နောက်လတွေမှာ ပြန်ပြီး ကိုးကွယ်နိုင်ဖို့၊ ဝတ်ပြုနိုင်ဖို့ အစီအစဉ်လေးတော့ လုပ်ချင်တယ်ပေါ့လေ”လို့ ဆရာတော်ဦးဇော်မင်းက ပြောပါတယ်။

နေပြည်တော်၊ တပ်ကုန်းမှာလည်း ဆောက်လုပ်ပြီးစီးခါနီး ဘုရားကျောင်းတစ်ခုကို စစ်ကောင်စီတပ်က ဆောက်လုပ်ရေး ရပ်နားခိုင်းထားပြီး မရပ်နားရင် အဆောက်အအုံကို ဖြိုချပစ်မယ်လို့ပြောကြောင်း သိရပါတယ်။

“ အဲဒီ ဘုရားကျောင်းက ပြီးခါနီးနေပါပြီ။ ဆေးတွေတောင် သုတ်ပြီးနေပြီ။ ဒါပေမယ့် တပ်ပိုင်မြေဖြစ်တယ်ဆိုပြီး သူတို့က အဲလို ပြောလာတယ်ဆိုတော့ ရပ်ထားရတာပါ။ လုံးဝ ဆက်ဆောက်လုပ်ခွင့် မရဘူးလေ။ အဲ့မှာ ရှိတဲ့နေရာလေးနဲ့ပဲ သူတို့ယုံကြည်သူ အနည်းငယ်နဲ့ ဝတ်ပြုဆုတောင်းတာတွေ လုပ်နေကြတာပဲ” လို့ ခရစ်ယာန် သိက္ခာတော်ရ ဆရာတော် ဦးစောရှမွေလက ပြောပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာလည်း ခရစ်ယာန်ဘာသာ အပါအဝင် ဟိန္ဒူ၊ အစ္စလမ်ဘာသာဝင်တွေအနေနဲ့ သက်ဆိုင်ရာတိုင်းအစိုးရရဲ့ ခွင့်ပြုချက်မရပဲ သာဘာရေးအဆောက်အဦးဆောက်လုပ်တာ၊ အဲဒီ အဆောက်အဦး တွေမှာ ဝတ်ပြုဆုတောင်းတာ၊ နေအိမ်တွေမှာ ဝတ်ပြုဆုတောင်းတာမလုပ်ဖို့ ညွန်ကြားထားပြီး မလိုက်နာရင် တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၃၊ စက်တင်ဘာ ၂၅ ရက်က ကြေညာထားပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်