
ဇွန် ၂၀၊ ၂၀၂၆
Zalen
အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ ပူးပေါင်းပြီးတော့ ဂြိုဟ်တုအငယ်စားတစ်လုံး လွှတ်တင်ရေးဆွေးနွေးခဲ့တယ်လို့ သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။
“သမ္မတကြီးရဲ့ ဒီတရုတ်ခရီးစဉ်ကနေ အာကာသနည်းပညာဆိုင်ရာကိစ္စတွေမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ မိုးလေဝသစောင့်ကြည့်ရေးအတွက် မြန်မာနိုင်ငံကပညာရှင်နဲ့ တရုတ်က ပညာရှင်တွေ ပူးပေါင်းပြီး မကြာခင် ဂြိုဟ်တုတလုံးလွှတ်တင်ဖို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ သမ္မတကြီးရဲ့ခရီးစဉ်က အာကာသကို ခြေလှမ်းသစ်စတင်တဲ့ ခရီးစဉ်တခုလို့ ပြောနိုင်ပါတယ်။” လို့ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။
ဒါဟာ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့် အာကာသစီမံကိန်းတစ်ခုဖြစ်ပြီး မင်းအောင်လှိုင် အာဏာရယူထားတဲ့ သမ္မတသက်တမ်းအတွင်းမှာ ပထမဆုံးလွှင့်တင်မယ့် ဂြိုဟ်တုငယ်တစ်လုံးလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

အဲဒီဂြိုဟ်တုကို လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ မိုးလေဝသစောင့်ကြည့်ရေး လုပ်ငန်းတွေအတွက် နှစ်နိုင်ငံက ပညာရှင်တွေ ပူးပေါင်းပြီး လွှတ်တင်ဖို့ ဆွေးနွေးခဲ့ကြတာပါ။
အရင် NLD အစိုးရလက်ထက်တုန်းကလည်း မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်နဲ့ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး (Hokkaido) တက္ကသိုလ်တို့ ပူးပေါင်းပြီးတော့ MMSAT-1 (Lawkanat-1) ဆိုတဲ့ ဂြိုဟ်တုတစ်လုံးကို ၂၀၂၁ ခုနှစ်၊ မတ်လတုန်းက လွှတ်တင်ခဲ့ဖူးပါတယ်။
အခုနောက်ပိုင်း စစ်ကောင်စီအနေနဲ့ အာကာသနည်းပညာရဖို့အတွက် တရုတ်၊ ရုရှား၊ ဘယ်လာရုဇ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ရန်ကုန်က နက္ခတာရာပြခန်းကို အဆင့်မြှင့်ထားတဲ့ အာကာသပြတိုက် (ရန်ကုန်) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါသေးတယ်။
အခုတရုတ်ခရီးစဉ်အတွင်းမှာတော့ နှစ်နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အအုံနဲ့ သိပ္ပံနည်းပညာကဏ္ဍတွေအပါအဝင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နဲ့ နားလည်မှုစာချွန်လွှာ (MOU) စုစုပေါင်း (၁၈) စောင်အထိ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာမျက်နှာစာတွေမှာ မြန်မာနိုင်ငံအနေနဲ့ တန်းတူညီမျှ အပြည့်အဝပါဝင်နိုင်ဖို့ကိုလည်း တရုတ်နိုင်ငံဘက်က ထောက်ခံအားပေးသွားမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
Emily



