နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်လမ်းစဥ်နဲ့ လူထုသပိတ်လှုပ်ရှားမှု နှစ်ခုကို ဟန်ချက်ညီညီထိန်းသိမ်းသွားမယ်

ဒေမီယံ / ၃ အောက်တိုဘာ၊ ၂၀၂၃။

Zalen

နွေဦးတော်လှန်ရေးမှာ အရှိန်ဟုန်မြင့်လာတဲ့ လက်နက်ကိုင်လမ်းစဥ်နဲ့ လူထုသပိတ်လှုပ်ရှားမှုနှစ်ခုကို ဟန်ချက်ညီညီထိန်းသိမ်းသွားဖို့ လိုအပ်တယ်လို့ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း ဆောင်သူကိုဗိုက်ပူက အောက်တိုဘာ ၃ရက်နေ့မှာ ပြောဆိုထားပါတယ်။

နွေဦးတော်လှန်ရေး ၂နှစ်ခွဲကျော်ကြာလာတာနဲ့အမျှ ပြည်သူတွေရဲ့ ရင်းနှီးပေးဆပ်မှုတွေဟာပိုမိုများပြားလာပေမယ့် ဒီနေ့အထိ ပြည်သူလူထုရွေးချယ်ခဲ့တဲ့လက်နက်ကိုင်လမ်းစဥ်ဟာ အားကောင်းနေဆဲဖြစ်သလို ဆန္ဒပြသပိတ်မှောက်လမ်းစဥ်ဟာလည်းတိုးတက်နေပြီး နှစ်ခုလုံးကို ဟန်ချက်ညီညီနဲ့ပြည်သူကပဲ ထိန်းကျောင်းသွားရမှာ ဖြစ်တယ်လို့သူကပြောပါတယ်။

“တော်လှန်ရေး ၂နှစ်ခွဲကျော်ကြာလာတဲ့အထိပြည်သူတွေအနေနဲ့ ရင်းနှီးပေးဆပ်ရတာတွေ၊နစ်နာဆုံးရှုံးရတာတွေအများကြီးရှိခဲ့တယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ခက်ခဲပါစေလူထုအပြည့်အဝပါဝင်တဲ့ လူထုသပိတ်တိုက်ပွဲတွေ ဟာ နိုင်ငံရေးစာမျက်နှာပေါ်မှာ ကောင်းမွန်တဲ့ပြယုဂ်တစ်ခုအနေနဲ့ ရှိနေဆဲဖြစ်တယ်။ လူထုကိုယ်တိုင်မွေးဖွားပေးလိုက်တဲ့ လက်နက်ကိုင်လမ်းစဥ် အရှိန်ကောင်းနေသလိုလူထုသပိတ်တိုက်ပွဲတွေဟာလည်း တိုးတက်နေဆဲဖြစ်တယ်။အဲ့ဒီအရာနှစ်ခုကို ဟန်ချက်ညီညီထိန်းသိမ်းသွားနိုင်မှ ပြည်သူလူထုမျှော်မှန်းထားတဲ့နိုင်ငံရေးစနစ်တစ်ခုကို ပုံဖော်နိုင်မှာဖြစ်တယ်။” ကိုဗိုက်ပူက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ရက်နေ့အင်တာနက် Zoom Meeting ကတစ်ဆင့်ပြုလုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ အဖွဲ့ဝင်များ တွေ့ဆုံ အစည်းအဝေးမှာ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့မြို့နယ်အရပ်ရပ်က သပိတ်ကော်မတီအဖွဲ့ဝင်အများစုတက်ရောက်ခဲ့ကြပြီး အင်တာနက်လိုင်းအခက်ခဲကြောင့်မတက်ရောက်နိုင်ခဲ့တဲ့ သပိတ်အင်အားစုများလည်း ကျန်နေသေးတယ်လို့သိရပါတယ်။

အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲဟာ ၄နာရီခန့်ကြာမြင့်ခဲ့ပြီးလူထုသပိတ်တိုက်ပွဲများ စဥ်ဆက်မပြတ်ရှိနေရေးအပါအဝင် လူထုလှုပ်ရှားမှုများ ပြန်လည်အားကောင်းလာရေးနဲ့ လက်ရှိမြေပြင်မှာသပ်ိတ်ကော်မတီများ ကြုံတွေ့နေရတဲ့အခက်အခဲစိန်ခေါ်မှုများအပြင် ရှေ့ဆက်ပြီးဖြစ်ပေါ်ပြောင်းလဲလာနိုင်တဲ့ နိုင်ငံရေး၊စစ်ရေးအပေါ် အခြေခံဆွေးနွေးခဲ့ကြတယ်လို့ ကလေးမြို့ပင်မသပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။

“နွေဦးတော်လှန်ရေးစတင်ကတည်းကလမ်းမပေါ်မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့လူထုသပိတ်တွေကို ရက်ရက်စက်စက်ဖြိုခွင်းခဲ့တာတွေကိုကြည့်မယ်ဆိုရင်စစ်ကောင်စီဟာ လူထုရဲ့အင်အားကိုအလွန်တရာကြောက်ရွံံ့နေတယ်ဆိုတာသိသာပါတယ်။ဒီလို ဖိနှိပ်မှုပေါင်းစုံကြားကနေဒီနေ့အထိ သပိတ်တိုက်ပွဲတွေကို ခက်ခက်ခဲခဲဆင်နွှဲနေတာကိုကြည့်ရင် စစ်ကောင်စီအပေါ်မှာထားတဲ့ပြည်သူလူထုရဲ့သဘောထားကိုသိနိုင်ပါတယ်။ဖိနှိပ်နေတာပဲဆိုပြီး လက်ပိုက်ကြည့်နေလို့မရပါဘူး။ လူထုတစ်ရပ်လုံး နိုင်ရာနေရာကနေ စစ်ကောင်စီကိုတော်လှန် နေဖို့လိုအပ်ပါတယ်” လို့ ကိုဗိုက်ပူက ထပ်မံပြောဆိုထားပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းမှန်သမျှကို ဖြတ်တောက်မယ့်ဒုတိယလှိုင်းလုံးဖြစ်တဲ့ ဘဏ္ဍာရေးတိုက်ပွဲကို ပြည်သူအားလုံးပါဝင်ဆင်နွှဲရင်းစစ်ကောင်စီကို ရှိရာအရပ်ကနေရုပ်ပိုင်း၊စိတ်ပိုင်း တော်လှန်ကြဖို့လည်း ကိုဗိုက်ပူကတိုက်တွန်းပြောဆိုထားပါတယ်။

ကလေးမြို့ဟာ နွေဦးတော်လှန်ရေးစတင်စဥ်ကတည်းက စစ်ကောင်စီရဲ့ မျိုးစုံဖိနှိပ်မှုကြားကနေပဲ ရက်ပေါင်း ၆၀၀ကျော်အထိ စဥ်ဆက်မပြတ်လူထုသပိတ်တိုက်ပွဲ ဆင်နွှဲနေကြတဲ့ ဒေသဖြစ်ပြီးလက်နက်ကိုင်တော်လှန်ရေးကို သန္ဓေတည်ပေးခဲ့ရာတာဟန်းခံတပ်ရှိတဲ့ မြို့လည်းဖြစ်သလိုဗမာလူမျိုး၊ချင်းလူမျိုးစုများနဲ့အခြားတိုင်းရင်းသားများ စုဝေးနေထိုင်ရာ ဒေသတစ်ခုလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်