မြန်မာနိုင်ငံဟာ တရုတ်ပြီးရင် အင်တာနက်လွတ်လပ်ခွင့်ချိုးဖောက်မှု ဒုတိယအဆိုးရွားဆုံးနိုင်ငံဖြစ်နေ

ချစ်ခြင်းနွေ/ ၅၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ကမ္ဘာ့နိုင်ငံအသီးသီးမှာ မြန်မာနိုင်ငံဟာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံနေရတဲ့ ဒုတိယအဆိုးရွားဆုံးနိုင်ငံဖြစ်တယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာလ ၄ ရက် ရက်နေ့က Freedom on the Net ရဲ့ အစီအရင်ခံစာ ထုတ်ပြန်ထားပါတယ်။

Freedom House အဖွဲ့က နိုင်ငံပေါင်း ၇ဝ ကို မှတ်တမ်းပြုစုထားတာလို့ သိရပါတယ်။ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံနေရတဲ့နိုင်ငံ‌ တွေထဲမှာ တရုတ်နိုင်ငံက ပထမ၊ မြန်မာက ဒုတိယ၊ အီရန်နိုင်ငံက တတိယ အဆိုးဆုံး ချိုးဖောက်ခံနေရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် ၂၀၂၁ စစ်တပ်အာဏာသိမ်းအပြီးနောက်ပိုင်း စစ်တပ်နဲ့ စစ်တပ်သတင်းပေးတွေက တယ်လီဂရမ် လူမှုကွန်ရက်ကို သုံးပြီး နိုင်ငံရေးအရဆန့်ကျင်သူတွေ၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူ၊ ထောင်ချ၊ အသက်အန္တရာယ် ပေးတာတွေအထိ လွတ်လပ်ခွင့်ချိုးဖောက်တာရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက ကလေးမြို့မှာ စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်တစ်ခုကို ဆိုင်ကယ်နဲ့ ဖြတ်သန်းသွားလာတဲ့ လူငယ်တစ်ဦးကို စစ်ကောင်စီက ရိုက်နှက် စစ်ဆေးပြီး ပိုက်ဆံလည်း တောင်းယူခဲ့တယ်လို့ ကာယကံရှင်ကပြောပါတယ်။

” ကျွန်တော် စကစ ဂိတ်ကိုဖြတ်တော့ သူတို့က တားပြီး ဖုန်းကို စစ်တယ်။ ဖုန်းထဲက Facebook ဖွင့် ခိုင်းပြီးတော့ စစ်တယ်။  မင်း  ‌PDF‌ တွေကို ထောက်ခံလားဆိုပြီးလည်း မေးတယ်။ ကျွန်တော် အဲ့လို မ‌လုပ်ပါဘူးလို့ ငြင်းတော့ သေနတ်ဒင်နဲ့ တစ်ချက်အထုခံခဲ့ရတယ်။ ဖုန်းနဲ့ ပါတဲ့ ပိုက်ဆံ ကို သိမ်းယူပြီး  ဖုန်းကို ပိုက်ဆံငါးသောင်းနဲ့ ပြန်လာရွေးခိုင်းတယ် “လို့ လူငယ်တစ်ဦးက ပြောပါတယ်။

ဒီအစီအရင်ခံစာက ဖော်ပြထားတဲ့ကာလမှာ စစ်ကောင်စီဟာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တွေအပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းက မြို့နယ်အတော်များများကို အင်တာနက်ဖြတ်တောက်တာ ဒါမှမဟုတ် အင်တာနက်မြန်နှုန်း လျှော့ချထားတာနဲ့ တယ်လီဖုန်းလိုင်းကိုပါ ဖြတ်တောက်ထားတာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ ၅၅ နိုင်ငံက ပြည်သူတွေဟာ အွန်လိုင်းပေါ်မှာ ထုတ်ဖော်ပြောဆိုမှုတွေကြောင့် ဥပဒေကြောင်းအရ ဖိနှိပ်အရေးယူခံနေရသလို ဒီအထဲက ၄၁ နိုင်ငံမှာတော့ အွန်လိုင်းပေါ်မှာ ကိုယ့်ထင်မြင်ချက်တွေ အယူအဆတွေ ပြောဆိုမှတ်ချက်ပေးရေးသားတာတွေကြောင့် ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံရတာနဲ့ သတ်ဖြတ်ခံရတာတွေအထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီအစီအရင်ခံစာဟာ ၂ဝ၂၂ ခုနှစ် ဇွန်လကနေ ၂ဝ၂၃ ခုနှစ် မေလအထိ တစ်နှစ်တာကာလကို လေ့လာပြုစုထားတဲ့ အစီအရင်ခံစာ ဖြစ်ပါတယ်။

 အင်တာနက်အွန်လိုင်းမှာ ရေးသားပြောဆိုချက်တွေနဲ့ ဆက်နွှယ်ပြီး သက်ဆိုင်ရာနိုင်ငံရဲ့အာဏာရှိသူတွေက သေဒဏ်ချမှတ်တာ တွေတောင် ရှိခဲ့တယ်လို့ ဖော်ပြထားတယ်။

 ဒီလိုလုပ်ရပ်တွေဟာ လူ့အခွင့်ရေးကြေငြာစာတမ်းပါ အပိုဒ် ၁၉ဖြစ်တဲ့ လူတိုင်းဟာ လွပ်လပ်စွာ ထင်မြင်ယူဆခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်နေတယ်လို့ ‌အစီရင်ခံစာမှာ ဖော်ပြပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်