
ဇွန် ၄၊ ၂၀၂၆
Zalen
စစ်ကောင်စီလေတပ်ဟာ ဇွန်လ ၃ ရက် ညသန်းခေါင်ချိန်တွင် စစ်ကိုင်းတိုင်း၊ တမူး-ကလေးမြို့ကြားမှာတည်ရှိတဲ့ ခမ်းပတ်မြို့အနီး CNO/CNDF UCR ဌာနချုပ်နဲ့ ရာဇာဂြိုလ်မြို့အနီးတို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
ယင်းတိုက်ခိုက်မှုသည် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံချိတ်ဆက်ရေး လမ်းမကြီး (India-Myanmar-Thailand Trilateral Highway) ပြန်လည်အသက်ဝင်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ ထွက်ပေါ်နေချိန်တွင် ဖြစ်ပွားလာခြင်း ဖြစ်ပါတယ်။

“ကလေး-တမူးကားလမ်းကို အမြန်ဆုံးဖွင့်နိုင်အောင်ကြိုးစားမယ်။ အဲ့ဒီလမ်းဖွင့်ပြီးရင် တမူးနယ်စပ်ဂိတ်ကနေ အိန္ဒိယကိုကုန်သွယ်လို့ရတော့မှာပါ။ အဲ့ကနေ မြန်မာနိုင်ငံအလယ်ပိုင်းကနေ ထိုင်းနိုင်ငံကိုကုန်သွယ်လို့ရမယ်။ အဓိကတော့ အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပုံမှန်အခြေနေပြန်ဖြစ်ဖို့ဦးစားပေးဆောင်ရွက်နေတယ်” လို့ DD India နဲ့အင်တာဗျူးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကဆိုပါတယ်။
DD India World နှင့် ပြုလုပ်သည့် အင်တာဗျူးတခုတွင် မြန်မာနိုင်ငံအား အိန္ဒိယ၏ Act East Policy နဲ့ Neighborhood-First Policy အောက်တွင် အရေးပါသည့် မိတ်ဖက်နိုင်ငံအဖြစ် ရှုမြင်ထားကြောင်းနှင့် ဒေသတွင်း ချိတ်ဆက်ရေးစီမံကိန်းများ အကောင် အထည်ဖော်ရေးဆိုင်ရာ မေးခွန်းများ ဆွေးနွေးခဲ့ကြပါတယ်။
အိန္ဒိယ-မြန်မာ-ထိုင်း လမ်းမကြီးစီမံကိန်းသည် ဒေသတွင်း ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသည့် စီမံကိန်းတခုဖြစ်သော်လည်း လုံခြုံရေးနှင့် နိုင်ငံရေးအခြေအနေများကြောင့် နှစ်ပေါင်းများစွာ နှောင့်နှေးနေဆဲဖြစ်ပါတယ်။
မြန်မာနဲ့ အိန္ဒိယနယ်စပ်ကုန်သွယ်ရေးဟာ တမူး-မိုးလေး၊ ရိခေါ်ဒါရ်-ဇိုခေါ်သာရ်၊ ကုလာတန်းဖွံ့ဖြိုးရေးစီမံကိန်းတို့ဖြစ်ပြီး တခြားဂိတ်သေးငယ်တွေလည်းရှိပါတယ်။
မိုင်နွေဦး
ဓာတ်ပုံ- DD India World နှင့် အင်တာဗျူးတွင် မြန်မာ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတွင်း ချိတ်ဆက်ရေးစီမံကိန်းများအကြောင်း ပြောကြားနေစဉ်။












