ဇွန်လ ၃၊ ၂၀၂၆
Zalen
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတောင်ပိုင်းရှိ မာလ်ဗီယာနာဂါ (Malviya Nagar) ရပ်ကွက်အတွင်းရှိ တည်းခိုခန်းဟိုတယ်တစ်ခုမှာ ဇွန် ၃ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နိုင်ငံခြားသားများအပါအဝင် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားပါတယ်။
သေဆုံးသူများထဲမှာ အာရှအလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံများမှ နိုင်ငံခြားသားအများအပြား ပါဝင်ကြောင်း သိရပါတယ်။

အစောပိုင်းမှာ မီးလောင်မှုက Lemon Green စားသောက်ဆိုင်ကနေ စတင်ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းမှာရဲတပ်ဖွဲ့က မီးလောင်မှုမှာ မာလ်ဗီယာနာဂါဒေသ Hauz Rani ရှိ Flourish Stay အမည်ရ Bed and Breakfast (B&B) တည်းခိုခန်းမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့ပါ တယ်။
ကယ်ဆယ်ရေးအဖွဲ့များက လူ ၄၀ ကျော်ကို မီးလောင်ရာနေရာမှ ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံများသို့ ပို့ဆောင်ခဲ့သော်လည်း ၎င်းတို့အနက် ၂၁ ဦးမှာ ဆေးရုံရောက်ရှိချိန်တွင် သေဆုံးနေပြီဖြစ်ကြောင်း ဆရာဝန်များက အတည်ပြုခဲ့ပါတယ်။
ဒဏ်ရာရရှိသူအများအပြားမှာ စိုးရိမ်ရတဲ့အခြေအနေတွင် ရှိနေသဖြင့် သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာနိုင်ကြောင်း စိုးရိမ်မှုများလည်း ရှိနေပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းကို လက်ရှိအချိန်ထိ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး တာဝန်ရှိသူများက အသေးစိတ်အချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီးအိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက လူမှုကွန်ရက် X တွင် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး သေဆုံးသူတစ်ဦးစီရဲ့ မိသားစုဝင်များအား ရူပီး ၂ သိန်းစီ ထောက်ပံ့ပေးသွားမှာဖြစ်သလို ဒဏ်ရာရရှိသူများအား ရူပီး ၅ သောင်းစီ ပေးအပ်သွားမယ်လို့ကြေညာခဲ့ပါတယ်။
“ဒေလီမြို့ မာလ်ဗီယာနာဂါမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် လူ့အသက်ဆုံးရှုံးရခြင်းက အလွန်ဝမ်းနည်း ဖွယ်ဖြစ်ပါတယ်။ မိသားစုဝင်များ ဆုံးရှုံးခဲ့ရသူများနဲ့ထပ်တူဝမ်းနည်းရပါတ်ယ။ဒဏ်ရာရရှိသူများ အမြန်ဆုံး ပြန်လည်သက်သာလာစေရန် ဆုတောင်းပေးပါတယ်။ သက်ဆိုင်ရာအာဏာပိုင်များက လိုအပ်တဲ့ အကူအညီ အားလုံးကို ပံ့ပိုးပေးနေပါတယ်။” လို့ မိုဒီက ရေးသားခဲ့ပါတယ်။
ဒေလီ ပြည်နယ်အုပ်ချုပ်ရေးမှူး တရန်ဂျစ် ဆင်း ဆန်ဒူနဲ့ ဒေလီဝန်ကြီးချုပ် ရေခါ ဂုပတာတို့ကလည်း သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။
ဝန်ကြီးချုပ် ဂုပတာက ဒေလီအစိုးရအနေဖြင့် အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ထိခိုက်ခံစားရသူ မိသားစုများအား လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာအကူအညီများနဲ့ အခြားပံ့ပိုးမှုများကို ဆောင်ရွက်ပေးနေကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဖြစ်စဉ်သတင်းရရှိတာနဲ့တစ်ပြိုင်နက် ဒေလီမီးသတ်တပ်ဖွဲ့၊ ဒေလီရဲတပ်ဖွဲ့၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ (DDMA)၊ CATS လူနာတင်ယာဉ်ဝန်ဆောင်မှုနဲ့အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များကို စေလွှတ်ခဲ့ပြီး ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ချက်ချင်းစတင်ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
ကိုးကား – Business Standard/ The Times of India
သတင်း – Mickey
ဓါတ်ပုံ – The Times of India


















