လေကြောင်းအန္တရာယ် ကြိုတင်သတိပေးမည့် ဝေဟင် ကင်းထောက် စနစ် စတင်အသုံးပြုနိုင်ပြီ

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆

Zalen

မြန်မာနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေက ကြိုတင်ကာကွယ်နိုင်ရေးအတွက် လေယာဉ်ဖြတ်သန်းမှုရှိပါက ဖုန်းမှာ အလိုအလျောက် Alarm မြည်ပေးမည့် “Waihin Scout” သတိပေးစနစ်ကို Waihin Scout channelမှ လူငယ်ကင်းထောက်အဖွဲ့က မိတ်ဆက်လိုက်ပါတယ်။

Zalen ad

ဒီသတိပေး စနစ်ဟာ ပြည်သူအချင်းချင်း ပေးပို့တဲ့ လေယာဉ်ဖြတ်သန်းမှု သတင်းအချက်အလက်တွေကို အခြေခံပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ချင်းနဲ့ ကချင်ဒေသတွေမှာ သတင်းအချက်အလက်ရရှိမှု အားကောင်းသဖြင့် စနစ်ရဲ့ အကျိုးပြုမှု ပိုထိရောက်လျက်ရှိပါတယ်။

ဒါပေမဲ့ ရခိုင်၊ ကရင်၊ ဧရာဝတီ၊ ရှမ်း၊ ပဲခူး၊ ကရင်နီနဲ့ တောင်ပိုင်းဒေသတွေမှာမူ သတင်းပေးပို့မှု အားနည်းနေသေးတဲ့အတွက် စနစ်ပိုမိုတိကျစေဖို့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်နေဆဲဖြစ်ပါတယ်။

ဒီစနစ် ပိုမိုတိကျစေရန်အတွက် ပြည်သူများအနေနဲ့ လေယာဉ်ဖြတ်သန်းမှုသတင်းတွေကို ဝေဟင်ကင်းထောက်ရဲ့ Telegram Bot မှတဆင့် ပြန်လည်မျှဝေပေးတာနဲ့ အပြန်အလှန် ကူညီစောင့်ရှောက်နိုင်တယ်လို့ သိရပါတယ်။

“ဝေဟင် ကင်းထောက်” အသုံးပြုနည်းမှာ မိမိတို့ရဲ့ ဖုန်းထဲမှာ အချက်ပေးစနစ် ထည့်သွင်းဖို့အတွက် ဖုန်းမှာ ရှိတဲ့ Firefox Browser ကို အသုံးပြုပြီး www.waihinscout.com သို့ ဝင်ရောက်ဖို့ လိုအပ်မည်ဖြစ်ပါတယ်။

ဒါ့အပြင် Website Menu ရှိ Alert Settings ကို နှိပ်ပြီး လက်ရှိနေထိုင်တဲ့ တိုင်းဒေသကြီးနဲ့ မြို့နယ်ကို ရွေးချယ်ဖို့ နဲ့ Alert Distance မှာ မိမိအား အချက်ပေးစေလိုတဲ့အကွာအဝေး (ဥပမာ – 80 km (သို့) 100 km) ကို သတ်မှတ်ရမှာဖြစ်ပါတယ်။

“SOS Alarm” နဲ့ “Browser Notification” တို့ကို On ပေးပြီး Browser မှ Audio Permission တောင်းခံပါက Allow (ခွင့်ပြုသည်) ကို နှိပ်ရမည်ဖြစ်ပါတယ်။

အချက်ပေးစနစ် အမြဲတမ်း အလုပ်လုပ်နေစေရန် Browser Tab ကို ပိတ်မပစ်ဘဲ နောက်ခံ Background မှာ ဖွင့်ထားပေးဖို့လည်း လိုအပ်ပါတယ်။

အခုစနစ်ဟာ နည်းပညာအကူအညီဖြင့် ဘေးအန္တရာယ်ကို အချိန်မီ ရှောင်ရှားနိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် မိမိတို့ရဲ့ ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုခြင်းဖြင့် ဘေးကင်းလုံခြုံမှုကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။

သတင်း-ဆလိုင်း

ဓာတ်ပုံ- Firefox Browser မှ ဝင်ရောက်ကြည့်ရှုထားသည့်ပုံ

#Waihin#လေကြောင်း#ကင်းထောက်#Zalen

နောက်ဆုံးရသတင်းများ

မီဇိုးယာဉ်မောင်းသေဆုံးမှုကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကို နှစ်လ ပိတ်မည်

ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာကို ကုန်ပစ္စည်းသွားပို့ရင်း မီဇိုးယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ ခြင်းနဲ့ပတ်သက်လို့ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို နှစ်လကြာပိတ်သွားမယ်လို့ လောင်တလိုင် ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ထားပါတယ်။ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့၊ AOC ရပ်ကွက်မှနေထိုင်တဲ့ ...

ဆက်ဖတ်ရန်