ဇွန် ၂၊ ၂၀၂၆
Zalen

ဂျပန်နိုင်ငံအခြေစိုက် ကုမ္ပဏီကြီးများဖြစ်သည့် KDDI Corporation နှင့် Sumitomo Corporation တို့အနေဖြင့် မြန်မာစစ်အုပ်စု ထိန်းချုပ်ထားသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို အဆုံးသတ်ပြီး မြန်မာနိုင်ငံမှ တာဝန်ယူမှုရှိစွာ ထွက်ခွာသင့်ကြောင်း Justice For Myanmar (JFM) နှင့် ဂျပန်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၆ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
JFM၊ Mekong Watch၊ ayus: Network of Buddhists Volunteers on International Cooperation၊ Pacific Asia Resource Center (PARC)၊ Friends of the Earth Japan၊ Japan International Volunteer Center (JVC) နှင့် Network Against Japan Arms Trade (NAJAT) တို့က ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် KDDI နှင့် Sumitomo တို့၏ MPT နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေမှုသည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးများကို ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားပါတယ်။
အဖွဲ့အစည်းများ၏ အဆိုအရ စစ်အာဏာသိမ်းပြီး ငါးနှစ်အကြာတွင် မြန်မာနိုင်ငံ၌ ဒစ်ဂျစ်တယ်စောင့်ကြည့် ထောက်လှမ်းမှုနှင့် အင်တာနက်ဆင်ဆာဖြတ်တောက်မှုများ သိသိသာသာ တိုးမြင့်လာခဲ့ပြီး အွန်လိုင်းပေါ်တွင် ထုတ်ဖော်ပြောဆိုမှုများကြောင့် လူရာပေါင်းများစွာကို ပစ်မှတ်ထား ဖမ်းဆီးတရားစွဲဆိုမှုများ ရှိခဲ့ကြောင်း ဆိုထားပါတယ်။
Justice For Myanmarရဲ့ ယခင်စုံစမ်းဖော်ထုတ်မှုများအရ MPT သည် စစ်အုပ်စု၏ ဒစ်ဂျစ်တယ်စောင့်ကြည့် ထောက်လှမ်းရေးနှင့် ဆင်ဆာစနစ်များ အကောင်အထည်ဖော်ရာတွင် ပါဝင်ခဲ့သည့် ဆက်သွယ်ရေး အော်ပရေတာများအနက် တခုဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
MPT သည် လက်ရှိတွင် စစ်အုပ်စုထိန်းချုပ်ထားသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MOTC) နှင့် KDDI၊ Sumitomo တို့၏ KDDI Summit Global Myanmar (KSGM) တို့ ပူးပေါင်းလုပ်ကိုင်နေသည့် ဆက်သွယ်ရေးလုပ်ငန်းဖြစ်ပါတယ်။
KDDI နှင့် Sumitomo တို့က ၎င်းတို့အနေဖြင့် KSGM ၏ အခန်းကဏ္ဍကို လျှော့ချထားကြောင်းနှင့် MPT ၏ နေ့စဉ်လုပ်ငန်းလည်ပတ်မှုများတွင် တိုက်ရိုက်ပါဝင်ခြင်း မရှိကြောင်း ပြန်လည်ရှင်းလင်းထားသော်လည်း အရပ်ဘက်အဖွဲ့အစည်းများက ယင်းအကြောင်းပြချက်များမှာ လုံလောက်မှုမရှိကြောင်း ဝေဖန်ထားထောက်ပြထားပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က MPT သည် စစ်အုပ်စု၏ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုယန္တရားတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး KDDI နှင့် Sumitomo တို့၏ ဆက်လက်ပူးပေါင်းဆောင်ရွက်မှုသည် လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
အလားတူ Mekong Watch ၏ အမှုဆောင်ဒါရိုက်တာ ယူကာ ကီဂူချီကလည်း ကုမ္ပဏီများအနေဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရန်ရှိသည့် တာဝန်များကို ရှောင်လွှဲ၍မရကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါကြောင့် အဆိုပါအဖွဲ့အစည်းများက KDDI နှင့် Sumitomo တို့အနေဖြင့် MPT နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ချက်ချင်းရပ်တန့်ပြီး မြန်မာနိုင်ငံမှ တာဝန်ယူမှုရှိစွာ ထွက်ခွာရန် တောင်းဆိုထားပါတယ်။
မိုင်နွေဦး
ဓာတ်ပုံ- Justice For Myanmar














