ပလက်ဝမြို့နယ်က စက်လှေသမား ရခိုင်မှာ ပျောက်ဆုံးနေ

ဇွန် ၁၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကိုဖေရှေကျေးရွာက အသက် (၃၂) နှစ်ဝန်းကျင် ချင်းအမျိုးသား စက်လှေသမားတစ်ဦးဟာ ရခိုင်ပြည်နယ်ထဲကို ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ သွားရောက်ခဲ့ပြီးနောက်ပိုင်း ဒီနေ့အထိ အိမ်ပြန်မရောက်သေးဘူးလို့ သိရပါတယ်။

Zalen ad

သူဟာ ကုန်ပစ္စည်းပို့ဆောင်ပြီးကတည်းက တစ်ပတ်ကြာတဲ့အထိ သတင်းအစအန ပျောက်ဆုံးနေတာကြောင့် မိသားစုဝင်တွေက အလွန်စိုးရိမ်ပူပန်နေကြတာပါ။

အဆိုပါအမျိုးသားဟာ စက်လှေနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေသူဖြစ်ပြီး ရခိုင်ပြည်နယ်ထဲကို ကုန်ပစ္စည်းတွေ သွားရောက်ပို့ဆောင်စဉ်မှာ အခုလို အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ သူမောင်းနှင်သွားတဲ့ စက်လှေကို ရခိုင်ပြည်နယ်ထဲက ကျေးရွာတစ်ရွာမှာ တွေ့ရှိရတယ်လို့ ကြားသိရပေမဲ့ လူကိုတော့ ဘယ်နေရာမှာ ရောက်နေလဲဆိုတာ အတည်မပြုနိုင်သေးပါဘူး။

“စက်လှေကိုတော့ တွေ့တယ်လို့ပြောတယ်။ လူကိုတော့ ပြန်မတွေ့သေးဘူး။ သတင်းအစနတောင် မသိရဘူး။ “လို့ မိသားစုဝင်နဲ့ နီးစပ်တဲ့သူတစ်ဦးက ပြောပါတယ်။

ပျောက်ဆုံးနေသူရဲ့ မိသားစုဝင်တစ်ဦးက ရက်သတ္တပတ်တစ်ခု ပြည့်တဲ့အထိ ဘာသတင်းမှ မရရှိတော့တာကြောင့် စိုးရိမ်ပူပန်နေရတယ်လို့ ပြောပါတယ်။

လက်ရှိ ဒေသတွင်း အခြေအနေတွေအရ အဆိုပါလှေသမားကို အာရက္ခတပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်နိုင်တယ်လို့ သံသယရှိနေကြပါတယ်။

အကယ်၍ ဖမ်းဆီးထားတာရှိရင် ချက်ချင်း ပြန်လွှတ်ပေးစေချင်တယ်လို့ တောင်းဆိုထားကြပါတယ်။

“ဖမ်းဆီးခံရတာ ဖြစ်နိုင်ချေများတယ်။ သာမန်အရပ်သားမို့ ပြန်လွှတ်ပေးစေချင်တယ်။ မိသားစုဝင်တွေကလည်း စိတ်ပူနေကြတယ်။”လို့ မိသားစုဝင်နဲ့ နီးစပ်တဲ့သူတစ်ဦးက ပြောပါတယ်။

စက်လှေမောင်းသူတွေဟာ မိမိတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သွားလာတာမဟုတ်ဘဲ ကုန်ပိုင်ရှင်တွေရဲ့ အလိုအတိုင်း လိုက်လံပို့ဆောင်ပေးရတာဖြစ်လို့ အပြစ်မဲ့လုပ်သားတစ်ဦးအဖြစ် ငဲ့ညှာပေးဖို့ မိသားစုဝင်တွေက ဖြည့်စွက်ပြောဆိုထားပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်