မြန်မာအပါအဝင် ကမ္ဘာတဝန်းက အရေးပေါ်ဒုက္ခသည်တွေအတွက် အမေရိကန်က ဒေါ်လာ သန်း ၂၄၀ ကျော် ထောက်ပံ့

ဇွန် ၆၊ ၂၀၂၆

Zalen

Zalen ad

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတဲ့ နိုင်ငံတွေအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်လာ သန်း ၂၄၀ ကျော် ထောက်ပံ့ပေးမယ်လို့ မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

အခုထောက်ပံ့ငွေတွေကို မြန်မာ၊ ကွန်ဂို၊ အီသီယိုးပီးယား၊ ဟေတီ၊ နိုင်ဂျီးရီးယားနဲ့ ဆူဒန်စတဲ့ နိုင်ငံတွေမှာရှိတဲ့ ဘေးဒုက္ခသည်တွေအတွက် အစားအသောက်၊ အာဟာရ၊ ကျန်းမာရေး၊ ရေနဲ့ သန့်ရှင်းရေးအပြင် ယာယီအမိုးအကာတွေ ဆောက်လုပ်လှူဒါန်းဖို့ ကဏ္ဍစုံမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရဟာ ဒီငွေကြေးတွေကို သူတို့ယုံကြည်စိတ်ချရတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကက်သလစ်ကူညီရေးအဖွဲ့ (Catholic Relief Services – CRS) ထံ လွှဲပြောင်းပေးအပ်ခဲ့တာပါ။ ဒါဟာ ကမ္ဘာတစ်ဝန်းက အရေးပေါ် အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ၂၄ နာရီအတွင်း အချိန်နဲ့တစ်ပြေးညီ ချက်ချင်းတုံ့ပြန်ကူညီနိုင်ဖို့ ရည်ရွယ်တာလို့ သိရပါတယ်။ အကူအညီပေးရေးလုပ်ငန်း အတွေ့အကြုံ နှစ် ၈၀ နီးပါးရှိတဲ့ CRS အဖွဲ့ဟာ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာလည်း ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

အခုလုပ်ဆောင်ချက်ဟာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) နဲ့ သဘောတူညီထားတဲ့ ဒေါ်လာ ၃.၈ ဘီလီယံ ထောက်ပံ့မယ့် အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

အကူအညီတွေကို ကြန့်ကြာမှုမရှိဘဲ ပိုပြီး ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် ပေးအပ်နိုင်ဖို့အတွက် အခုလို ဆောင်ရွက်တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

အမေရိကန်မှာ သမ္မတ ဒေါ်နယ်ထရမ့် အာဏာရလာပြီးနောက်ပိုင်း နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ အမေရိကန်အေဂျင်စီ (USAID) ကို ဖျက်သိမ်းခဲ့တာကြောင့် နယ်စပ်က မြန်မာဒုက္ခသည်တွေသာမက ပြည်တွင်းက လူသားစာနာအကူအညီ လိုအပ်နေသူတွေပါ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

မနှစ်က ဖြစ်ပွားခဲ့တဲ့ မြန်မာ့ငလျင်ကြီးတုန်းကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ USAID မရှိတော့တဲ့အတွက် အမေရိကန်အနေနဲ့ အပြည့်အဝ တုံ့ပြန်ကူညီနိုင်စွမ်း မရှိခဲ့ဘူးလို့ အမေရိကန်အကြီးတန်းအရာရှိတွေကပင် ဝေဖန်ထောက်ပြခဲ့ကြကြောင်း သိရပါတယ်။

Mary

နောက်ဆုံးရသတင်းများ

အခုတော်လှန်ရေးဟာ တိုင်းပြည်ကို လုံးဝပြောင်းလဲပစ်မယ့် လူထုတော်လှန်ရေးဖြစ်ကြောင်း ဆလိုင်းယောမာန် ပြော

ဇွန် ၆၊ ၂၀၂၆Zalen စစ်ကောင်စီက နယ်မြေပြန်သိမ်းဖို့ အရင်ကထက် ပိုရက်စက်လာပြီး အခုတော်လှန်ရေးဟာ တိုင်းပြည်ကို လုံးဝပြောင်းလဲပစ်မယ့် လူထုတော်လှန်ရေးဖြစ်တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/CPA) ရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောကြားလိုက်ပါတယ်။ ဒီနေ့ ဇွန်လ ...

ဆက်ဖတ်ရန်