မလေးရှားထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၁၁၂ ဦးကို နေရပ်ပြန်ပို့ဖို့ ( C Of I ) ထုတ်ပေးမယ်လို့ မြန်မာသံရုံးပြော

ဇွန် ၅၊၂၀၂၆
Zalen

မလေးရှားနိုင်ငံ Tanah Merah လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၂၀၅ ဦးအနက် ၁၁၂ ဦးကို နိုင်ငံသားဖြစ်ကြောင်း စိစစ်အတည်ပြုနိုင်ခဲ့ပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – C of I) ထုတ်ပေးနိုင်မယ်လို့ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာန လက်အောက်ရှိ ထိန်းသိမ်းရေးစခန်း ၁၅ ခုမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် နိုင်ငံသားစိစစ်မှုတွေကို လစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စိစစ်အတည်ပြုပြီးသူတွေကို (C of I )စာရွက်စာတမ်း ထုတ်ပေးကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနေပြီး နေရပ်ပြန်ပို့ဆောင်မယ့်သူတွေရဲ့ စာရင်း၊ ပြန်ပို့မယ့်ရက်၊ လေကြောင်းခရီးစဉ် အချက်အလက်တွေကို သံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ပေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

Zalen ad

မိသားစုဝင်များအနေဖြင့် မြန်သံရုံးသို့ (က) Balentik, Bidor, Bukit Jali, Langkap, Perlis, Tanah Merah (Ph: 0173392886, 0125386727) (ခ) Jawi, Malacca, Ajil, Lenggeng (0162152197) (ဂ) Beranang, Kemaman, KLIA, Pekan Nanas, Semenyih (0123888480, 0129007337) (ဃ) email:consularmmembassy @gmail.com တို့မှာ ဆက်သွယ်နိုင်တယ်လို့ဆိုပါတယ်။

Tanah Merah ထိန်းသိမ်းရေးစခန်းမှ စိစစ်ခံရသူ ၂၀၅ ဦးအနက် ၁၁၂ ဦးကို အထောက်အထား ပြည့်စုံစွာ တင်ပြနိုင်ခဲ့တဲ့အတွက် (C of I) ထုတ်ပေးနိုင်မယ်လို့ သံရုံးက ဆိုပါတယ်။

အထောက်အထား မပြည့်စုံသေးသူတွေအတွက်တော့ မိသားစုဝင်တွေနဲ့ ဆွေမျိုးမိတ်ဆွေတွေကို ဆက်သွယ်ပြီး လိုအပ်တဲ့ အချက်အလက်တွေ စုဆောင်းကာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းစိစစ်မှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ထိန်းသိမ်းရေးစခန်းတွေမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူ မဟုတ်သူတွေက မိသားစုဝင်တွေထံကနေ ငွေကြေးတောင်းခံ လိမ်လည်တဲ့ ဖြစ်စဉ်တွေ ရှိနေတယ်လို့ မိသားစုဝင်တွေဆီက ပြန်လည်သိရှိရကြောင်း သံရုံးက သတိပေးထားပါတယ်။

ထို့ကြောင့် ထိန်းသိမ်းခံထားရသူတွေရဲ့ မိသားစုဝင်တွေ၊နီးစပ်သူတွေအနေနဲ့ သတင်းအချက်အလက်တွေကို သံရုံးက တရားဝင်ထုတ်ပြန်တဲ့ လမ်းကြောင်းတွေကသာ စုံစမ်းကြဖို့နဲ့ ငွေကြေးလိမ်လည်မှုတွေကို သတိပြုကြဖို့ မြန်မာသံရုံးက တိုက်တွန်းထားပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

မဏိပူရ်မှာ ကူကီးကျေးရွာ တိုက်ခိုက်ခံရလို့ ရွာသူကြီးအပါအဝင် အရပ်သား ၃ ဦးသေဆုံး

ဇွန် ၅၊ ၂၀၂၆Zalen အိန္ဒိယ၊ မဏိပူရ်ပြည်နယ်၊ Kangpokpi ခရိုင်၊ Loibolkullen ကျေးရွာကို NSCN-IMနဲ့ ZUF-Kamson အဖွဲ့လို့ယူဆရတဲ့အဖွဲ့က တိုက်ခိုက်ခဲ့လို့ ရွာသူကြီးအပါအဝင် အရပ်သား ၃ ဦးသေဆုံးသွားတယ်လို့ ဒေသသတင်းများက ဖော်ပြေထားပါတယ်။ ယနေ့ဇွန်လ ...

ဆက်ဖတ်ရန်