
ဇွန် ၁၅၊ ၂၀၂၆
Zalen
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းက ကလေးမြို့နဲ့ တမူးမြို့ကို ဆက်သွယ်ထားတဲ့ ၅၅ မိုင်တံတားဖျက်ဆီးခံရတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရသိရပါတယ်။
အဲဒီကလေး-တမူးလမ်းပိုင်းရှိ ကလေးမြို့နယ်က ၅၅မိုင်တံတားကိုဇွန်လ ၁၃ရက်နေ့မှာမိုင်းဆွဲဖျက်ဆီးခံရတာဖြစ်တယ်လို့ဆိုပါတယ်။
ယင်း ကလေး-တမူးလမ်းမပေါ်ရှိ ၅၅ မိုင်တံတားကို ဘယ်အဖွဲ့ကအခုလိုဖျက်ဆီးသွားတယ်ဆိုတာကိုတော့ Zalen သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုလို့မရနိုင်သေးပါ။

အဆိုပါ တံတားဖျက်ဆီးခံရမှုကြောင့် အများပြည်သူများခရီးသွားလာရေးနဲ့ ကုန်ပစ္စည်များသယ်ယူပို့ဆောင်ရာမှာ အခက်အခဲရှိလာနိုင်ပြီး အခုလိုမိုးရာသီကာလမှာ ဒေသခံများသွားလာရေး အတွက်ပိုမိုခက်ခဲလာနိုင်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုများရှိလာနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် ကလေး-တမူးလမ်းပိုင်းကို စစ်ကောင်စီတပ်က ဇွန်လ ၇ ရက်နေ့ကနေစပြီး ကလေးဘက်ကနေ စစ်ကြောင်းတစ်ကြောင်း၊ တမူးမြို့ဘက်ကနေစစ်ကြောင်းတစ်ကြောင်းနဲ့ မော်လိုက်ဘက်ကနေစစ်ကြောင်းတစ်ကြောင်း စုစုပေါင်းစစ်ကြောင်း ၃ ကြောင်းနဲ့ တော်လှန်ရေးအင်အားစုများစိုမိုးထားတဲ့ ကလေး-တမူးလမ်းပိုင်းကို ပြန်လည်ထိမ်းချုပ်နိုင်ဖို့ အသည်းအသန်ကြိုးစားနေတာဖြစ်ပါတယ်။
စစ်ကောင်စီကရွေးကောက်တင်မြောက်ထားတဲ့ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့အပတ် အိန္ဒိယခရီးစဉ်မှာ အိန္ဒိယ-မြန်မာနယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အားထားရတဲ့ ကလေး-တမူးလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ဖို့ဂတိကဝတ်ပြုခဲ့ပြီးနောက် ကလေး – တမူးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်
နိုင်ဖို့ စတင်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။
သတင်း – S-L-P
ပုံစာ-ဖျက်ဆီးခံရတဲ့ ကလေး-တမူးလမ်းပိုင်းက ၅၅ မိုင်
တံတားမြင်ကွင်း။
ဓာတ်ပုံ – လူမှုကွန်ယက်















