ဇူလိုင် ၄ ၊ ၂၀၂၆
Zalen
ဗာတီကန်ရဲ့ ခွင့်ပြုချက်မရဘဲ ဆွစ်ဇာလန်နိုင်ငံ အီကိုန် (Écône) မှာ ဘုန်းတော်ကြီး ၄ ဦးကို ခန့်အပ်ခဲ့တဲ့ Saint Pius X အသင်း (SSPX) အပေါ် ဗာတီကန်က ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံး ဘုရားကျောင်းဥပဒေအရ အရေးယူမှုတရပ်ကို ချမှတ်လိုက်ပါတယ်။
ပုပ်ရဟန်းမင်းကြီး လီယိုက အဲဒီခန့်အပ်မှုကို မပြုလုပ်ဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပေမယ့် SSPX ဘက်က ဇူလိုင် ၁ ရက်နေ့မှာ ခန့်အပ်ပွဲကို ဆက်လက်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဗာတီကန်ရဲ့ ယုံကြည်ခြင်းဆိုင်ရာ သင်ကြားရေးဌာန (Dicastery for the Doctrine of the Faith) က ထုတ်ပြန်တဲ့ အမိန့်စာအရ အဲဒီ ဘုန်းတော်ကြီးခန့်အပ်မှုဟာ “ဂိုဏ်းခွဲသဘောဆောင်တဲ့ လုပ်ရပ်” ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ တရားဝင်ခွင့်ပြုချက် မရဘဲ ခန့်အပ်ပွဲကို ဦးဆောင်ခဲ့တဲ့ ဘုန်းတော်ကြီး ၂ ဦးနဲ့ အသစ်ခန့်အပ်ခံရတဲ့ ဘုန်းတော်ကြီး ၄ ဦး စုစုပေါင်း ၆ ဦးကိုလည်း ဘုရားကျောင်းဥပဒေအရ အလိုအလျောက် (latae sententiae) ဘာသာရေးပိတ်ပင်မှု (Excommunication) ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။ အဲဒီပြစ်ဒဏ်ကို ပုပ်ရဟန်းမင်းကြီးရဲ့ အာဏာနဲ့သာ ရုပ်သိမ်းနိုင်မှာ ဖြစ်ပါတယ်။
ဗာတီကန်က SSPX မှာ တာဝန်ထမ်းဆောင်နေတဲ့ ဘုန်းတော်ကြီးတွေကို ဂိုဏ်းခွဲအဖြစ် သတ်မှတ်ထားကြောင်းလည်း ပြောဆိုခဲ့ပြီး၊ SSPX ကို တရားဝင် လိုက်နာပူးပေါင်းတဲ့ ကက်သလစ်ယုံကြည်သူတွေဟာလည်း ဘုရားကျောင်းဥပဒေ သတ်မှတ်ချက်တွေအရ ဂိုဏ်းခွဲအဖြစ် သတ်မှတ်ခံရနိုင်ပြီး ဘာသာရေးပိတ်ပင်မှု ခံရနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် SSPX ဘုန်းတော်ကြီးတွေက နားထောင်ပေးတဲ့ ဝန်ချတောင်းပန်ခြင်း (Confession) နဲ့ သူတို့ ဦးဆောင်ကျင်းပတဲ့ လက်ထပ်မင်္ဂလာအခမ်းအနားတွေကိုလည်း တရားဝင်အကျိုးသက်ရောက်မှု မရှိဘူးလို့ ကြေညာခဲ့ပြီး၊ ကက်သလစ်ဘာသာဝင်တွေကို SSPX ရဲ့ ဘာသာရေးအခမ်းအနားတွေနဲ့ လှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
SSPX ကို ပြင်သစ်နိုင်ငံသား ဂိုဏ်းချုပ် မာဆဲလ် လီဖက်ဗ် (Marcel Lefebvre) က ၁၉၇၀ ပြည့်နှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး၊ ဒုတိယဗာတီကန်ကောင်စီရဲ့ ဘာသာရေးအချင်းချင်း ဆက်ဆံရေး၊ ကိုးကွယ်ယုံကြည်ခွင့်နဲ့ ဘုရားဝတ်ပြုရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အဓိက သင်ကြားချက်တချို့ကို လက်မခံဘဲ မူလကက်သလစ် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းနေတယ်လို့ ရပ်တည်ထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်မှာလည်း ဂိုဏ်းချုပ် လီဖက်ဗ်က ပုပ်ရဟန်းမင်းကြီးရဲ့ ခွင့်ပြုချက်မရှိဘဲ ဘုန်းတော်ကြီး ၄ ဦးကို ခန့်အပ်ခဲ့တာကြောင့် ဘာသာရေးပိတ်ပင်မှု ချမှတ်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကက်သလစ်ဘုရားကျောင်းနဲ့ အပြည့်အဝ ပြန်လည်ပေါင်းစည်းနိုင်ရေး ကြိုးပမ်းမှုအဖြစ် ပုပ်ရဟန်းမင်းကြီး ဘင်နက်ဒစ် (၁၆) က ၂၀၀၉ ခုနှစ်မှာ အဲဒီပြစ်ဒဏ်ကို ပြန်လည်ရုပ်သိမ်းပေးခဲ့ပါတယ်။
ကိုးကား – Shalom World News
သတင်း – Mickey













