ဇူလိုင် ၄၊ ၂၀၂၆
Zalen
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခမီအမျိုးသားတဦး သေဆုံးပြီး ကလေးငယ် နှစ်ဦးအပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက Zalen ကို ပြောပါတယ်။
စစ်ဘေးရှောင်တွေနဲ့ အရပ်သားတွေနေထိုင်တဲ့ ဘူးသီးတောင်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက မနေ့ ဇူလိုင်လ ၃ ရက်နေ့၊ မွန်းလွဲပိုင်းက ဂျက်ဖိုက်တာနဲ့ Y-12 လေယာဉ်တွေနဲ့ ဗုံးသီးအလုံး ၅၀ ခန့် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ရွာတွေနဲ့ ဘေးပတ်ဝန်ကျင်တွေကို ဗုံးပတ်ကြဲတာပါ။ အဲရွာတွေမှာ စစ်ဘေးရှောင်တွေ၊ အရပ်သားတွေပဲနေတာပါ။”လို့ ဘူးသီးတောင်ဒေသခံတဦးက Zalen ကို ပြောပါတယ်။
အဲဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝါးနက်ရုံရွာမှာ နေထိုင်တဲ့ တရဂူကျေးရွာက အသက် ၆၄ နှစ်အရွယ် ခမီအမျိုးသမီး ဒေါ်ယော်သာမေ မှာ ဗုံးစထိမှန် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် တရဂူကျေးရွာက မောင်နေဇော်လင်း (၃ နှစ်)၊ မောင်အောင်အောင်နိုင် (၃ နှစ်)၊ မစန္ဒာမေ (၁၈ နှစ်)၊ ကိုမောင်လှကျော် (၂၃ နှစ်) နဲ့ ဆင်ဖြူတောင်ကျေးရွာက ဦးကျော်သာ (၄၆ နှစ်) တို့မှာ ဒဏ်ရာရရှိခဲ့ပါတယ်။
“ဒဏ်ရာရတဲ့သူတွေ လောဆယ် ဆေးကုသမှုခံယူနေကြပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာတော့ မရှိဘူး။”လို့ ဘူးသီးတောင်ဒေသခံတဦးက Zalen ကို ပြောပါတယ်။
ရခိုင်မှာ ၆ လအတွင်း စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား သေဆုံးသူ ၈၃ ဦး၊ ဒဏ်ရာရရှိသူ ၁၈၇ ဦးနဲ့ ဖမ်းဆီးခံရသူ ၆၅ ဦး ရှိတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က မနေ့က ဇူလိုင်လ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း-ကိုခူမီး












