ဇူလိုင် ၇၊ ၂၀၂၆
Zalen
မြန်မာနိုင်ငံထဲက စည်းကမ်းမဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ မေးမြန်းချက်တွေကို အကြောင်းပြန်ပေးဖို့ ထိုင်းအစိုးရကို လူ့အခွင့်အရေး၊ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်များဆိုင်ရာ စားသုံးသူကာကွယ်ရေး ဆီးနိတ်ကော်မတီက တိုက်တွန်းလိုက်ပါတယ်။
ထိုင်းအစိုးရအနေနဲ့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေရဲ့ မေးမြန်းချက်တွေကို ရက်ပေါင်း ၆၀ သတ်မှတ်ချက်အတွင်းမှာ ပြန်ပြီး အကြောင်းမပြန်ခဲ့ဘူးလို့ ကော်မတီဥက္ကဋ္ဌ နိုရာဆတ် ပရာချာကွန် က ဇူလိုင် ၆ရက်နေ့မှာ မီဒီယာတွေကို ပြောပါတယ်။

ဒါ့အပြင် ဒီလိုမျိုး မေးမြန်းစုံစမ်းချက်တွေကို တရုတ်အစိုးရနဲ့ မြန်မာစစ်ကောင်စီဆီကိုလည်း ပို့ထားသေးတယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲက သတ္တုတွင်းလုပ်ငန်းတွေဟာ ညစ်ညမ်းပစ္စည်းတွေကို မသန့်စင်ဘဲ သဘာဝရေလမ်းကြောင်းတွေထဲ ဒီအတိုင်း စွန့်ပစ်နေကြတာလို့ ပြောပါတယ်။
အဲဒီညစ်ညမ်းမှုတွေဟာ မယ်ဆိုင်မြစ်၊ ရုအက်မြစ်၊ ကုတ်မြစ်နဲ့ မဲခေါင်မြစ်တွေထဲ စီးဝင်နေပြီး ဒါဟာ ဒေသတွင်း ပြဿနာတင် မဟုတ်ဘဲ တစ်နိုင်ငံလုံးနဲ့ နိုင်ငံတကာအဆင့် ပြည်သူ့ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တဲ့ ဘေးအန္တရာယ် ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့လို့ ထိုင်းအစိုးရအနေနဲ့ မြန်မာပြည်က စည်းကမ်းမဲ့ သတ္တုတွင်းတွေကြောင့် ဖြစ်နေတဲ့ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းနိုင်ဖို့ တရုတ်အစိုးရ၊ မြန်မာစစ်ကောင်စီတို့နဲ့ တက်တက်ကြွကြွ တွေ့ဆုံဆွေးနွေးပြီး ရှေ့ဆက်လုပ်ဆောင်သွားဖို့ ကော်မတီက တိုက်တွန်းထားပါတယ်။
ကိုးကား – Thai PBS World
Mary

















