၄ ၊ နိုဝင်ဘာ၊ ၂၀၂၃
Zalen
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပစ်ခတ်မူမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၅ လသား အရွယ် ကလေးမိခင် တစ်ဦး ကျည်ထိမှန်တယ်လို့ သတင်းရရှိပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့ မနက် ၁ နာရီဝန်းကျင်ခန့် ဆမီးမြို့၊ ဘားဝရပ်ကွက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ဂိတ်ကင်းပြီးအပြန် ချင်းအမျိုးသားတပ်မတော်(CNA)က စောင့်ကြိုတိုက်ခိုက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ ၄ ဦးသေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ CNA နဲ့ နီးစပ်တဲ့သူထံက သိရှိရတယ်။
တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်ရာ ဘားဝရပ်ကွက်နေ ၅ လသားအရွယ် ကလေး မိခင် တစ်ဦးခါးတွင် ကျည်ထိမှန်ကာ ပလက်ဝပြည်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ရတယ်လို့ ဒေသခံ တစ်ဦးက Zalen ကို ပြောပါတယ်။
” ကလေးအမေက ဒေါ်အေးမိုးသွယ် အသက် ၃၀ ပါ။ ခါးမှာ ကျည်မှန်သွားတယ်။ ဆမီးမြို့ပေါ်မှာက ဆရာဝန်မရှိတော့ နေ့လည် ၄ နာရီလောက်က ပလက်ဝဆေးရုံကို ပို့ဆောင်လိုက်ရပါတယ်” လို့ဆိုပါတယ်။
ကျည်ထိမှန်တဲ့ ကလေးမိခင်ဟာ အသက်အန္တရာယ် စိုးရိမ်စရာရှိပြီး ဆမီးဆေးရုံက ကျည်ထုတ်ပေးနိုင်တဲ့ ဆရာဝန်မရှိသဖြင့် ပလက်ဝဆေးရုံသို အရေးပေါ် ပို့ဆောင်နေရတယ်လို့ သိရပါတယ်။
ဆမီးမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ ည ၈ နာရီခန့်တွင် လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ ဆမီးမြို့ ယာယီရဲစခန်းမှူးကိုလည်း CNA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
သတင်း-အိုက်ခူမီး