တစ်ပူပေါ် နှစ်ပူဆင့်သကဲ့သို့

Zo

စစ်မှုထမ်းဖို့ အတင်းအဓမ္မ ခေါ်ဆောင်ခံရလေမလားဆိုတဲ့အတွေးကြောင့် မသင်းတစ်ယောက် ခင်ပွန်းဖြစ်သူအတွက် စိုးရိမ်ပူပန်နေပါတယ်။ ဒါကြောင့်ပဲ သူ့ခင်ပွန်းကို အိမ်နီးချင်းထိုင်းနိုင်ငံထဲလွှတ်ပြီး စစ်မှုထမ်းကိစ္စရှောင်တိမ်းရင်း အလုပ်လုပ်ကိုင်ဖို့ စီစဥ်ပါတယ်။

ဒီအခါမှာ လိုအပ်တဲ့ငွေကြေးကုန်ကျမှုအတွက် လက်ရှိနေထိုင်နေတဲ့ အိမ်နဲ့ခြံကို အပေါင်ထားလိုက်ပါတယ်။ လမ်းစရိတ်နဲ့ ပွဲစားခအတွက် ကျပ်သိန်း (၄၀)ကို ပစ္စည်းအပေါင်ထားပြီး အ တိုးနဲ့ ချေးယူရတာပါ။ ဒီနေရာမှာ အလုပ်စပ်ပေးမယ့် ပွဲစားအပေါ်မူတည်ပြီး တစ်ဦးနဲ့တစ်ဦး ကုန် ကျစရိတ်တွေ ကွဲပြားကြပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်း လူငယ်တွေဟာ ခေါင်းစဥ်အမျိုးမျိုးနဲ့ နေရပ်စွန့်ခွာလာကြပါတယ်။ အများစုက စစ်မှုထမ်းဖို့အကြုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားရှိတဲ့လူငယ်တွေပါ။ အဲဒီအထဲမှာ အ သက် ၃၂ နှစ်အရွယ် မသင်းရဲ့ခင်ပွန်းဟာလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

သူ့ခင်ပွန်းဟာ ပြီးခဲ့တဲ့ မတ်လဆန်းထဲမှာ ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကနေ သွား ရောက်ခဲ့ပါတယ်။ တစ်ဘက်နိုင်ငံထဲကိုရောက်ဖို့ ကားတွေအဆင့်ဆင့်ပြောင်းစီးရတဲ့အပြင် တောတောင်တွေထဲ ခြေကျင်ဆင်းလျှောက်ရတဲ့ ခရီးစဥ်တွေလည်းပါတယ်လို့ မသင်းက ပြန်ပြောင်းပြောပြတယ်။ စုစုပေါင်း သုံးညအိပ်လေးရက်ခရီး နှင်ခဲ့ရတယ်။

နယ်စပ်ကနေ တရားမဝင်ဝင်ရောက်ရတဲ့ အဲဒီခရီးစဥ်မှာ မသင်းရဲ့ခင်ပွန်းနဲ့ ပွဲစားတူတဲ့ နောက် ထပ်လူငယ်နှစ်ဦးလည်း ပါဝင်ပါတယ်။ အဲဒီလူငယ်နှစ်ယောက်မှာ တစ်ယောက်က အသက် ၃၀ အရွယ် အိမ်ထောင်သည်ဖြစ်ပြီး နောက်တစ်ဦးက ၁၈ နှစ်အရွယ် လူငယ်လေးတစ်ဦးပါ။

သူတို့ကို ပွဲစားက ထိုင်းနိုင်ငံ မဟာချိုင်မှာရှိတဲ့ စက်ရုံတစ်ရုံမှာ အလုပ်သွင်းပေးမယ်ဆိုပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။ တစ်ကယ်တမ်း မဟာချိုင်ရောက်တော့ ပွဲစားသွင်းပေးခဲ့တဲ့စက်ရုံဟာ အ လုပ်ရှင်နဲ့ပွဲစား လက်ဝါးချင်းရိုက်ပြီး ပွဲစားခဝေ စားတဲ့ စက်ရုံဖြစ်နေပါတယ်။ ဒါကြောင့် ၃၊ ၄ ရက် အလုပ်ဆင်းရပေမယ့် အဲဒီနောက်ပိုင်း လူမရှိလို့ဆိုပြီး အလုပ်မဆင်းဘဲနေနေရတယ်လို့ မသင်းရဲ့ခင်ပွန်းနဲ့အတူသွားခဲ့တဲ့ ၁၈ နှစ်အရွယ်လူငယ်ရဲ့မိခင်ဖြစ်သူက ပြန်ပြောပြပါတယ်။

“သူ့တို့ လစာကို မမျှော်ပါဘူး။ သူတို့ဟာနဲ့သူတို့ အလုပ်လေးမှန်မှန်ဆင်းရပြီး စားဝတ်နေရေးမပူ ပန်ရရင်ဘဲ တော်ပါပြီ”လို့ အဲဒီလူငယ်ရဲ့မိခင် မခွာညိုက ရင်ဖွင့်ပါတယ်။

ဒါပေမဲ့ မခွာညိုရဲ့ အဲဒီဆန္ဒဟာ မပြည့်ဝခဲ့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ရောက်စရက်ပိုင်းအ ချို့သာ အလုပ်ဆင်းရပြီး နောက်ရက်တွေ အ လုပ်မဆင်းရဘဲ ထိုင်စားနေရလို့ပဲ ဖြစ်ပါတယ်။ ဒီတော့ မခွာညိုဟာ သူ့သားကို စားစရိတ်ငွေ လွှဲပေးရပြန်ပါတယ်။ မသင်းနဲ့ ၃၀ နှစ်အရွယ်လူ ငယ်တစ်ဦးရဲ့ဇနီး မဌေးတို့ဟာလည်း မခွာညိုနည်းတူ စားစရိတ်ပို့ပေးကြရပါတယ်။

မသင်း၊ မဌေးနဲ့ မခွာညိုတို့ အမျိုးသမီးသုံးဦးဟာ သူတို့ရဲ့ခင်ပွန်းတွေနဲ့ သားဖြစ်သူတို့ နယ်စပ်ဖြတ်ကျော်ချိန်မှာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်း ဆီးခြင်းကိုမခံရဘဲ လမ်းခရီးချောချောမောမောရောက်သွားလို့ ရင်အေးရယုံရှိသေး အလုပ်မမှန်လို့ စိတ်ညစ်ကြရပြန်ပါတယ်။ အမှန်ဆို သူတို့သုံးဦးထက် ကံဆိုးသူတွေလည်း ရှိနေပါသေးတယ်။

အဲဒါကတော့ ပြည်တွင်းမှာနေရင် စစ်ကောင်စီရဲ့ တပ်သားသစ်စုဆောင်းခံရမှာ​စိုးလို့ အိမ်နီးချင်း ထိုင်းနိုင်ငံဘက်အလုပ်သွားလုပ်ရာမှာ ဖမ်းဆီးခံရသူတွေပါ။ သူတို့ကို ထိုင်းအာဏာပိုင်တွေက အချုပ်ထဲမှာ အချိန်တစ်လခွဲကနေ သုံးလလောက်အထိ ဖမ်းဆီးချုပ်နှောင်ထားလေ့ရှိပါတယ်။ ပြီးတော့မှ အဖမ်းခံရသူတွေရာချီပြီး များလာတဲ့အခါ စစ်ကောင်စီနဲ့ချိတ်ဆက်ပြီး မြန်မာပြည်ပြန်ပို့ခံကြရပါတယ်။

မြန်မာဘက်ပြန်ပို့ခံရသူတွေထဲမှာ လူငယ်ပိုင်းတွေပါရင် စစ်ကောင်စီက စစ်မှုထမ်းသင်တန်းကို ပို့ပစ်လေ့ရှိပါတယ်။ တနည်းဆိုရင် ထိုင်းအာဏာ ပိုင်တွေရဲ့ အခုလိုလုပ်ရပ်ဟာ စစ်ကောင်စီအ တွက် တပ်သားသစ်စုဆောင်းပေးသလိုဖြစ်နေပြီလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

ခုဆိုရင် စစ်ကောင်စီအသက်သွင်းလိုက်တဲ့ စစ်မှု ထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံထဲ တရားမဝင်ဝင်ရောက်ရာက ဖမ်းဆီးခံရတဲ့သူ သောင်းချီရှိနေပါပြီ။ အဖမ်းခံရသူတွေထဲမှာ မသင်းနဲ့ မဌေးရဲ့ ခင် ပွန်းတွေ၊ မခွာညိုရဲ့သား သူတို့သုံးယောက် မပါခဲ့ပေမယ့် စစ်မှုထမ်းကိစ္စကိုရှောင်တိမ်းရင်း စီးပွားရှာဖို့ ထိုင်းကိုသွားခဲ့တဲ့ဖြစ်စဥ်ရဲ့ နောက်ဆက်တွဲပြဿနာတွေကိုတော့ သူတို့သုံးဦးလုံး ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲအချို့ တူညီနေတဲ့ မသင်း၊ မဌေးနဲ့ မခွာညိုတို့ဟာ နေ ရပ်ဒေသတွေတော့ မတူကြပါဘူး။ မသင်းက ပဲ ခူးတိုင်းထဲကဖြစ်ပြီး မဌေးက မန္တလေးတိုင်းနဲ့ မခွာညိုက ရန်ကုန်တိုင်းကပါ။

မသင်းဟာ မသက် ၃၄ နှစ်ရှိပြီဖြစ်ပြီး သားသုံးယောက် မိခင်တစ်ဦးဖြစ်ပါတယ်။ သားအကြီးနှစ်ယောက်က ကျောင်းနေအရွယ်တွေဖြစ်ပြီး ခင် ပွန်းဖြစ်သူရဲ့ လုပ်အားခကို မှီခိုနေရသူလည်း ဖြစ်ပါတယ်။ အခုတော့ ခင်ပွန်းရဲ့ လုပ်ခလစာကို မှီခိုရမယ့်အစား ထိုင်းရောက်ခင်ပွန်းရဲ့ စားဝတ် နေရေးနဲ့ အလုပ်အကိုင်အဆင်ပြေရေးကို တွေးပူနေရတဲ့အဖြစ်ပါ။ ဒီကြားထဲ ထိုင်းကိုသွားဖို့ အိမ်နဲ့ခြံပေါင်းထားရလို့ တရိပ်ရိပ်တက်လာနေတဲ့ အ တိုးအတွက် ပူပန်နေရပါတယ်။

သိပ်မကြာခင်မှာ ကျောင်းတွေပြန်ဖွင့်တော့မှာဖြစ်လို့ ကျောင်းနေအရွယ်ကလေးနှစ်ယောက်ရဲ့ ပညာရေးအတွက်ပါ မသင်းတစ်ယောက် တွေး​ပူနေရပါပြီ။ ဝင်ငွေကမရှိ၊ အကြွေးကပိနဲ့ ရှေ့ ဆက် မိသားစုဘယ်လိုရပ်တည်ရမလဲ မဖြေရှာမရနိုင်ဘူးလို့ မသင်းက ညည်းတွားပါတယ်။

မဌေးဟာဆိုရင်လည်း မသင်းလိုပါပဲ။ အဝေးရောက်ခင်ပွန်းအတွက် ပူရသလို သူတို့သားအမိရဲ့ စားဝတ်နေရကလည်း ရတက်မအေးရပြန်ပါဘူး။ မဌေးမှာ အသက် ၁ နှစ်ခွဲအရွယ် သားလေးတစ်ယောက်ရှိပါတယ်။ သူတို့မိသားစုဟာ အိုး အိမ်အပိုင်မရှိတာကြောင့် မြို့လေးတစ်မြို့မှာ တစ်လကို ကျပ်ခြောက်သောင်းပေးပြီး အဆောင်ငှားနေရတာပါ။

ခင်ပွန်းဖြစ်သူရဲ့ ထိုင်းသွားမယ့်ကုန်ကျစရိတ်ကိုတော့ အတိုးနဲ့ချေးတာရှိသလို တချို့ကိုတော့ မိသားစုဆွေမျိုးသားချင်တချို့ထံက အကူအညီတောင်း ချေးယူထားတာလို့ မဌေးက ရှင်းပြပါတယ်။ ခုဆို သူ့ရဲ့ခင်ပွန်းဖြစ်သူ ထိုင်းဘက်သွားတာ သုံးလကျော်ရှိပါပြီ။ သူတို့သားအမိကို ငွေ ကြေးမထောက်ပံ့နိုင်သေးတဲ့အပြင် ခင်ပွန်းရဲ့ နေရေးစားရေးအတွက် မဌေးက ငွေပြန်ရှာပေးနေရတာဖြစ်ပါတယ်။

မခွာညိုဆိုရင်လည်း သားဖြစ်သူကို စစ်မှုမထမ်းခိုင်းချင်လို့ ထိုင်းကိုလွှတ်ကာမှ အကြွေးလည်းတင်၊ အတိုးလည်းပိနဲ့ စိတ်ဆင်းရဲရတဲ့အဖြစ်ကို ရင်ဆိုင်နေရပါတယ်။ ဒီဖြစ်စဥ်တွေရဲ့ အဓိကလက်သည်တရားခံဟာ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ ဒုတိယ လက်သည်တရားခံတွေကတော့ ပြန်တွင်းပြည်ပက မြန်မာပွဲစားတွေဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။

စစ်မှုထမ်းဥပဒေက လူငယ်တွေ နေရပ်စွန့်ခွာလာအောင် တွန်းပို့ပေးနေသလို စစ်မှုထမ်းကိစ္စကြောင့် နိုင်ငံပြင်ပထွက်လာသူတွေကိုလည်း မြန်မာပွဲစားတွေက ဂုတ်သွေးစုပ်အမြတ်ထုတ်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းရောက်လူ ငယ်တွေဟာ မြန်မာပွဲစားတွေရဲ့ လိမ်လည်မှုမျိုးစုံကို ရင်ဆိုင်နေကြရသလို နောက်မှာကျန်နေခဲ့တဲ့ မသင်း၊ မဌေးနဲ့ မခွာညိုတို့လို မိသားစုဝင်တွေဟာလည်း ဒုက္ခနွံထဲ နက်သထက်နက်လာနေပါတယ်။

ဒါကြောင့် စစ်မှုထမ်းကိစ္စရှောင်ချင်လို့ပဲဖြစ်ဖြစ်၊ မိသားစုအတွက် စီးပွားရှာဖို့ အိမ်နီးချင်း ထိုင်းနိုင်ငံကိုသွားဖို့စိတ်ကူးထားတဲ့ လူငယ်တွေအနဲ့ မြန်မာပွဲစားတွေကိုယုံပြီး ပုံအပ်တာမျိုးတွေမလုပ်ကြဖို့ မသင်းတို့လို ကိုယ်တွေ့ကြုံရသူတွေက အကြံပြုထားပါတယ်။ 

ပြီးတော့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ WGA အဖွဲ့တည် ထောင်သူ ကိုမုန်တိုင်းက အခုလိုမှတ်ချက်ပေးထားပါတယ်။ 

“ပွဲစားများနှင့် အလုပ်စမတ်မည်ဆိုပါက ပွဲစားများ၏ အချက်အလက်များ ဖြစ်သော Passport /နာမည်နှင့်ဖွင့်ထားသည့် ဘဏ်နံပါတ်များပေးမှသာ  ယုံကြည်ကြပါ။ အကယ်၍ ပွဲစားများ၏ အချက်အလက်များ ရှိထားမည်ဆိုပါက လိမ်လည်သွားရင်တောင် ဆုံးရှုံးမှုအတွတ် ထိုင်းနိုင်ငံ ဥပဒေအရ ပြန်လည်ဖြေရှင်း ပေးလို့ရပါတယ်”

အဲလိုမဟုတ်ဘဲ ပွဲစားတွေကိုအယုံလွယ်ရင် အ လိမ်ခံရနိုင်မို့ မြန်မာအလုပ်သမားတွေ သတိပြုကြစေချင်တယ်လို့ ကိုမုန်တိုင်းက အကြံပြုထားပါတယ်။

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်