တမူးခရိုင်က စစ်ရှောင်စခန်းအချို့မှာ ကလေးသူငယ်များယားနာဖြစ်ပွား

အောက်တိုဘာ ၂၀၊ ၂၀၂၅။

Zalen

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ စစ်ရှောင်စခန်းအချို့မှာ ကလေးငယ်များ ယားနာဖြစ်နေလို့ ဆေးဝါးကုသဖို့အခက်ခဲဖြစ်နေတယ်လို့ ဒေသခံများဆီက သိရပါတယ်။

ယခုရက်ပိုင်း တမူးခရိုင် အထက်ပိုင်း စစ်ရှောင်စခန်းအချို့နဲ့ အိန္ဒိယဘက်ခြမ်း စစ်ရှောင်စခန်းအချို့မှာ ကလေးသူငယ်များဟာ ယားနာအဖြစ်များနေလို့ ဆေးဝါးကုသဖို့ ငွေကြေးအခက်ခဲဖြစ်နေတာဖြစ်ပါတယ်။

” လူကြီးလည်းဖြစ်တယ်။ အထူးသဖြင့် ကလေးငယ်တွေက ပိုအဖြစ်များတယ်။ ယားတာက သွေးထွက်အောင်ကုတ်ပေမယ့် အယားမပြေနိုင်ဘူးဖြစ်နေတာ။ ငယ်ရွယ်တဲ့ ကလေးတွေဆို သနားစရာကောင်းတယ်ရှင့်။ ယားလာရင် ငိုယိုကြတယ်။ ညဆိုအိပ်လို့လည်းမရကြဘူးရှင့်။ ဆေးက အိန္ဒိယဘက်မှာ ပိုက်ဆံရှိတဲ့သူတွေက မှာကြပါတယ်။ ဆေးဖိုးမတတ်နိုင်တဲ့သူတွေဆို ဒီတိုင်းပဲခံနေကြရတာ။ တကယ်ကို ဒုက္ခရောက်ကြတယ်ရှင့်” လို့ ကလေးမိခင်တစ်ဦးက Zalen ကိုပြောပါတယ်။

ဒါ့အပြင် အိန္ဒိယ ဘက်ခြမ်းက စစ်ရှောင်စခန်းအချို့မှာလည်း အလားသူရောဂါဝေဒနာကို ခံစားနေကြရပြီး ဆေးဝါးကုသဖို့ အခက်ခဲဖြစ်နေကြတာဖြစ်ပါတယ်။

” ယားနာက ဒီဘက်မှာလည်းအဖြစ်များတယ်။ ဆေးမှာရတာလည်းအရမ်းကြာတယ်ရှင့်။ ပိုက်ဆံရှိတဲ့သူတွေက ကဒ်လိုက်မှာရင်သယ်ပေးပါတယ်။ ပိုက်ဆံမတတ်နိုင်တဲ့သူက တစ်ဗူးစ၊ နှစ်ဗူးစ မှာရင် သိပ်ဂရုမစိုက်ပေးကြဘူး။ ဆေးရုံဆေးခန်းက မရှိသလောက်ပါဘဲ။ ရမ်းကုတွေနဲ့ မှန်းကုနေကြရတာပါ။ ကျွမ်းကျင် ဆရာဝန် ဆိုတာမရှိဘူး” လို့ အိန္ဒိယဘက်ခြမ်းက စစ်ရှောင်အမျိုးသမီးတစ်ဦးကလည်း အခုလိုပြောပြပါတယ်။

အဲဒီစစ်ရှောင်စခန်းတွေဟာ ဒေသအခြေအနေကြောင့် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲနေပြီး ဆေးဝါးကုသဖို့ ခက်ခဲနေသလို ဆေးဝါးရောက်ရှိရန်အလွန်ခက်ခဲနေတဲ့တွက် စစ်ရှောင်များရဲ့ကျန်းမာရေးအတွက် အခက်ခဲဖြစ်နေတယ်လို့သိရပါတယ်။

သတင်း – အမေ့သား

ပုံစာ – စစ်ရှောင်စခန်းက ယားနာဖြစ်နေတဲ့ ကလေးငယ်များအားတွေ့ရစဉ်။

ဓာတ်ပုံ – Boinu Nengkho

နောက်ဆုံးရသတင်းများ

တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာမှာ စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တို့ တိုက်ပွဲဖြစ်

အောက်တိုဘာ ၃၀၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာမှာ အောက်တိုဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်းမှာ ချင်းတော်လှန်ရေးတပ်ဘက်က တစ်ဦး ...

ဆက်ဖတ်ရန်