နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး)
ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။

ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး သူ့တဦးထဲခွန်အားနဲ့ ကျမတို့မောင်နှမတွေကို ကျောင်းပညာတွေ သင်ပေးပြီး ဘွဲ့ရစေခဲ့တာလေ။ တရက်တမနက်ထဲနဲ့ အာဏာရူးတဲ့ လူတစုကြောင့် ကျမတို့လို အစိုးရဝန်ထမ်း တွေဟာ ဝရုန်းသုန်းကားတွေဖြစ်ခဲ့ကြတာ တရားခံဟာ သူပဲ (အာဏာရူးတဲ့မအလပေါ့)။ အဲ့နေ့ အာဏာသိမ်းတဲ့မနက် ကျမတို့တွေဟာ ၈၈ကိုလည်း မမှီသေးတဲ့ ခုခေတ်အခေါ် ဂျန်ဇီဆိုလားတွေပေါ့။ အာဏာသိမ်းတယ်ဆိုတာမျိုးကို စာတွေ ခိုးကြောင်ခိုးဝှက်ကြည့်ခဲ့ရဖူးတဲ့ ၈၈အရေးအခင်းထဲက ရုပ်သံဗီဒီယိုတွေ လူကြီးသူမတွေရဲ့ ရှေ့မှီနောက်မှီစကားအရတာကြားဖူးတာလေ။
ကိုယ်ကိုယ်တိုင်နဖူးတွေ့ဒူးတွေ့တဲ့ အဲ့မနက်ခင်းဟာ ကျက်သီးမွှေးညင်းထပြီး မျက်ရည်ပါဝဲခဲ့ရတယ်။ ကျမတို့ရုံးဝန်းကြီးဟာ လူနေထိုင်ရာအိမ်ယာတွေနဲ့ ရုံးနဲ့တဆက်ထဲ တည်ရှိတာမို့ ရုံးကျူတီတာဝန် ကျသူတွေဟာလည်း အဲ့မနက်ခင်း အာရုဏ်တက်ချိန်မှာ ကသောင်းကနင်းတွေဖြစ်လို့ပေါ့။ အဲ့ထဲက အသိသူငယ်ချင်း တဦးက ငါတို့ကျူတီသွားတာ စစ်သားတွေအများကြီးပဲဟေ့။ ရုံးတံခါးပေါက်မှာ သေနတ်တွေကိုင်ပြီး စစ်သားတွေက ငါတို့ကို ပြန်ပြီးကိုယ့်အိမ်ယာအဆောင်မှာ အေးဆေးနေဖို့ပြောတယ်တဲ့။ ရုံးတံခါးကြီးကိုလည်း မဖွင့်ပေးဘူးပေါ့။ တယောက်တပေါက်တွေပြောကြပြီး အဲ့ထဲက ကျမတို့ စီနီယာတွေထဲက တယောက်က ငါတို့တော့ အာဏာသိမ်းတာခံရပြီဟေ့လို့ ပြောလာတယ်။ စီနီယာကပဲ ရုံးက တာဝန်ရှိသူ လူကြီးတဦးဖြစ်တဲ့ ညွှန်ချုပ်ဆိုသူကို သွားနိုးကြတယ်ပေါ့လေ။ အဲ့ချိန်က မနက် ၅နာရီခွဲပတ်ချာလည်လောက်။ တာဝန်ကျသူတွေစုပြီး ညွှန်ချုပ်အိမ်ရဲ့အရှေ့ကနေခေါ်ကြတယ်ပေါ့ဗျာ။ အဲ့ချိန်မှာ ကျမတို့ အကြီးအကဲစကားကိုပဲ ကျမတို့ဝန်ထမ်းတိုင်းက ကြားချင်တယ်လေ။ လက်နက်တကားကားနဲ့ ရုံးပေါက်ဝကနေ စီးပြီးပြောတဲ့ ဟိုကောင်တွေအသံကို ကျမတို့တွေမကြိုက်ခဲ့ကြဘူး။ လက်နက်ကြောက်လို့သာ သူတို့ပုံစံ ကလည်း တကယ်ပစ်မဲ့ရုပ်မျိုးတွေလေ။ ဒီဂျီကြီး ဒီဂျီကြီး ဒီဂျီကြီး (ညွှန်ကြားရေးမှူးချုပ်) ဆိုပြီးဝိုင်းအော်ကြတယ်။ ဘယ်သူမှ မထွက်လာခဲ့ကြဘူး။ အဲ့ဒါနဲ့ စီနီယာတို့က ကိုယ့်အိမ်ကိုပြန်သွားနေကြ စောသေးလို့နေမှာ အကြောင်းစုံကို ဦးစီးတို့ဘာတို့ညာတို့တွေကို ထပ်မေးပြီးပြန်ပြောပြမယ်ပေါ့လေ။ အိမ်ပြန်လာပြီး အကြောင်းထူးလေး ရှိမလားဆိုပြီး တီဗီလေးဖွင့်ကြည့်တာ တရှဲရှဲအသံပဲကြားနေရတယ်။ ရှိသမျှသတင်းလိုင်း ကလေးကာတွန်း လိုင်းပါ မကျန်ဖွင့်ကြည့်မိတယ်။ တရှဲရှဲပဲမြည်နေတော့တာ။ ဖုန်းလိုင်းတွေလည်းဘာမှမရ။ ဒါနဲ့ မနက်၈နာရီ ဝန်းကျင်နားရောက်တော့ ထွက်လာကြပါပြီအရာရှိတွေ သူတို့တွေ ဒီဂျီဆိုသူအိမ်ကိုသွားကြတယ် နာရီဝက် မကြာဘူး ပြန်လာကြတယ်။
စစ်တပ်ကအာဏာသိမ်းတာသေချာတယ်ပေါ့ ။ အိမ်ယာပြင်ပကို မထွက်ဖို့နဲ့ အလုပ်ကိုလည်း လက်ရှိချိန်မှာ မသွားဖို့အိမ်မှာပဲနေကြဖို့ မှာပြီးပြန်သွားကြတယ်။ အိမ်ယာထဲက ဈေးဆိုင်အတော်များများတော့ အဲ့နေ့မနက်မှာ အရမ်းကိုရောင်းကောင်းသွားခဲ့တယ်။ ဘာလို့ဆို့ မြို့ထဲအပြင်ဘက်ပါ ထွက်ခွင့်တွေပိတ်လိုက်တာလေ။ လူတွေကလန့်တာပေါ့ ရှိတဲ့ပိုက်ဆံလေးတွေနဲ့ အခြေခံစားကုန်လေးတွေဝယ်ပြီး ဘာဖြစ်မယ်မှန်း မသိတဲ့မနက်ဖြန်ကိုစောင့်ရင်းပေါ့လေ။ ကျမတို့အိမ်ယာထဲရှိသမျှလူတွေ နှစ်ရက်တမနက်လောက်ထိ နေအိမ် အကျယ်ချုပ်ဖြစ်သွားရောပေါ့ဗျာ။
အဲ့လိုနဲ့ရုံးဝန်းထဲမယ် အလုပ်လည်းမသွားရတော့ လူစုပြီး ရုံးမတတ်နဲ့ ရုန်းထွက်ကိုစကြတယ်၊ တကယ်လည်း အဲ့ချိန်မှာ စိတ်ဓာတ်တွေကအပြင်းအထန်ပဲလေ။ မတရားစွပ်စွဲပြီးအာဏာသိမ်းတာကို ဝန်ထမ်းဖြစ်တဲ့ သူတွေ အသိဆုံးပဲ ကိုယ့်စိတ်ထဲကနေ ရင်ထဲအသဲထဲကနေကိုပေးထားတဲ့ မဲကို မသမာဘူးလို့ ပြောပြီး တရက် တမနက်ထဲနဲ့ အာဏာပါသိမ်းလိုက်တာဆိုတော့လေ မကျေနပ်ချက်တွေက ဒုနဲ့ဒေးပါပဲ။ ရုံးမသွားကြဘူး ရုံးဝန်းထဲရှိတဲ့ ဝန်ထမ်းအင်အားအတော်တော်များများက စီဒီအမ်ဝင်ကြတယ်။ ဖေ့စ်ဘုတ်အကောင့်တွေမှာ စီဒီအမ် စတေ့တပ်တွေကို တင်ကြပြီး စလှုပ်ရှားကြတယ်။ ညပိုင်းဆိုလူစုပြီး သံပုံးတီး တော်လှန်ရေးသီချင်း တွေဆိုပေါ့ ဖေဖော်ဝါရီ ၁၀ရက်နောက်ပိုင်းကြတော့ ရုံးကလူကြီးတွေလည်း မျက်စိနောက်ပုံပဲလေ ဘာလို့ဆို ကျမတို့ရုံးတော်ကြီးရဲ့ အရာရှိအဆင့်အတော်များများက စစ်သားတွေ နှစ်သီးစားတွေပေါ့ဗျာ။ မင်းတို့ တွေ ခုလိုဆက်လုပ်နေရင် ငါတို့လည်းမတတ်နိုင်ဘူး။ မင်းတို့ဒီတိုင်းဆို စစ်တပ်က ဖမ်းတာတွေလုပ်လိမ့်မယ်။ ရုံးတက်ကြပါ။ နိုင်ငံရေးက မင်းတို့ဝန်ထမ်းတွေနဲ့ဘာမှမဆိုင်ဘူး။ ဝန်ထမ်းက ဝန်ထမ်းအလုပ် လုပ်ပါပေါ့။ အဲ့လိုပြောလည်း နားမယောင်ကြပါဘူး။ ဘာလို့လဲ ကျမတို့ ဂျန်လီနဲ့ ဂျန်ဇီး မျိုးဆက်၂ဆက်လေ။ ဘာကမှားပြီး ဘာကမှန်တယ်။ ဒီမိုကရေစီရဲ့အနှစ်သာရတွေက ဘာဆိုတာ နားလည်နေကြပြီလေ။ ဒါတွေကလည်း ၅နှစ်တာ သက်တမ်းနဲ့ နိုင်ငံရေးအသိပညာတွေအများကြီး ဟောပြောဆုံးမခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံခေါင်းဆောင်ကြီးရဲ့ ကျေးဇူးတရားတွေပေါ့။ အဲ့လိုနဲ့ ရုံးကလူကြီးတွေ ခြိမ်းခြောက်မှုဟာ ကျမတို့နှလုံးသားကို မလှုပ်ခတ်စေခဲ့ပါဘူး။ အဲ့လိုနဲ့ ဖေဖော်ဝါရီ ၁၂/၁၃မှာ စီနီယာအစ်ကိုတယောက်ကို စဖမ်းဖို့ စစ်သားတွေလာရှာပါပြီ။ အဲ့အစ်ကိုက သတင်းတခုမှာ အင်တာဗျူးဖြေလိုက်တဲ့တွက် သူတို့စလိုက်လာတာပါ။ အဲ့အစ်ကိုကံကောင်းပါတယ်။ လွတ်မြောက်သွားတယ်ပေါ့။ သူပိုင်ဆိုင်မှုအကုန်တော့ထားခဲ့ရတာပေါ့လေ။ ထပ်ဆက်ရရင် စီနီယာနဲ့ ပတ်သက်တဲ့ ဂျူနီယာမောင်လေး တချို့ကိုပါ ပတ်ရမ်းတော့တာပေါ့။ အဲ့နောက်ပိုင်း ရုံးဘက်ကနေလဲ ရုံးနောက်ဆုံး လာတက်ရမဲ့ နေ့တွေ ထုတ်ပြန်ပါလေရော။ ကျမတို့ စီဒီအမ်အင်အားစုလေးဟာ အဲ့နေ့ နောက်ပိုင်းတွေကစလို့ ရုံးကြီးဆီကနေ အလျှိုလျှိုမိဘအိမ်ရှိရာနေရပ်တွေကို ပြန်ကြရတော့တယ်။ ခြိမ်းခြောက်မှုတွေက တဖြေးဖြေးပိုစိုးလာနေပြီလေ။
ကျမရဲ့ဈေးသည်မ ဖြစ်လာရတဲ့အစပျိုးမှုတွေပေါ့။ တသက်လုံးဝန်ထမ်းဘဝနဲ့ နေဖို့လုပ်ထားသော်လည်း မမှန်ကန်တဲ့အရာကြီး အရိပ်အောက်မှာတော့ ထမင်းစားပြီး ကျောခင်းမနေချင်ပါဘူး။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထွက်လာခဲ့လို့ အမျိုးသားကိုလည်းအားပေးတယ်။ နင်စိတ်မပူနဲ့ငါဈေးရောင်းကျွေးမယ်ပေါ့လေ။
ဇာတ်ရှိန်မြင့်နေတဲ့ချိန်ဆိုတော့ နောင်ဖြစ်လာတာနောင်မှရှင်းကြမယ်။ ခုဟာကမဟုတ်သေးဘူး။ မတရားဘူး။ ပြန်ကြစို့ပေါ့။ ကျမတို့တွေဟာ နိုင်ငံရေးသမားတွေမဟုတ်ကြပါဘူး။ ကျမတို့အတွေးထဲ အမှားအမှန် တရားခြင်း မတရားခြင်းလောက်ပဲတွေးပါတယ်။ ဒီလိုနဲ့ အမျိုးသားတို့မိဘတွေရှိရာတောင်ပေါ်ဒေသကို အပြီးပြန်ခဲ့ လိုက်ကြတယ်။ အဲ့မှာ စတွေ့ပြီ ကျမတော့ လစာကမထုတ်ထားဘူး။ အာဏာသိမ်းချိန်ဟာ ကျမနားရက်နဲ့ တိုက်နေတော့ လက်ထဲ၂၈,၀၀၀ကျပ်ငွေ နဲ့ တောင်ပေါ်ဆိုတာအဲ့ချိန်က ခရီးစရိတ်ကတောင်ပေါ်အရောက်ကို ၅၀,၀၀၀ကျပ် လောက်ရှိနေပြီ။ မိသားစုသုံးရောက်ဆိုတော့တိုင်ပတ် အားလုံးကလည်း ပြန်ကြတာဆိုတော့ ပိုက်ဆံဆွဲဖို့/ချီးဖို့ကလည်းမလွယ်နဲ့ တောင်ပေါ်က မိတ်ဆွေတယောက်က စီဒီအမ်တွေပြန်ချင်ရင် သူတို့ဘက်က အကုန်ခံပေးနေတယ်ဆိုပြီး အဆင်ပြေသွားရောပေါ့။ ဈေးသည်မ ဖြစ်လာမဲ့ခရီးစဉ်စကပါပြီ မှတ်မှတ်ရရ ကျမတို့မိသားစုဖေဖော်ဝါရီ ၁၇ရက်နေ့ညနေပိုင်းလောက်မှာ ကျမတို့ဝန်ထမ်းဘဝမှာပိုင်ဆိုင်ခဲ့တဲ့အရာတွေ အိမ်ပိုင်တော့မရှိပါဘူး။ ဝန်ထမ်းလိုင်းခန်းနေတာမို့ အိမ်အတွင်း ပစ္စည်းတွေအကုန်ထားပြီး အဝတ်အစားထည့် အိတ် ၁လုံးလေးနဲ့မိသားစုတွေ အမျိုးသားရဲ့မိဘတွေဆီ ရောက်လာခဲ့ကြပါတယ်။ အစမှာတော့ စိတ်တွေ ဆင်းရဲပြီး ကိုယ့်မိသားစုနဲ့လည်းပထမဆုံး ခွဲခွာခဲ့တာမို့ ဟိုအတွေးဒီအတွေးတွေနဲ့ အိမ်မပျော်တွေဖြစ်ခဲ့တယ်။ တော်လှန်ရေးခရီးကြီးကို ခုလိုမျိုးအကြာကြီး ဖြစ်လိမ့်မယ်လို့ တကယ်မတွေးမိတာလဲပါတာပေါ့။ ဒီလိုနဲ့ ရောက်တဲ့နေရာမှာဘာလုပ်မလည်း လင်မယား နှစ်ယောက် တိုင်ပင်ရပြီ လက်ထဲလည်း ငွေကမပါဘူးလေ အမှန်တိုင်းဝန်ခံရရင် ဝန်ထမ်းဘဝမှာလည်း ရရစားစား စုဆောင်းမိတာမရှိသေးပါဘူး။ ဒီလိုနဲ့အမျိုးသားကတော့ အိမ်ထောင်ဦးစီးကောင်းပီသရှာပါတယ်။ သူရှာပါ့မယ်တဲ့ သူကကျမထက်ပိုဆိုးပါတယ်။ ဝန်ထမ်းမိဘမျိုးရိုးကဆင်းသက်လာတာဆိုတော့ ဝန်ထမ်း အလုပ်ကလွဲပြီး အပြင်အလုပ်ဆိုတာ အလှမ်းဝေးကွာလှပေါ့။ ဒါပေမဲ့သူစလုပ်ဖို့ ကြိုးစားခဲ့တဲ့ ပထမဆုံးအလုပ်က ဘာလဲဆိုတော့ ပန်းရံအလုပ်ပါ။ အဲ့ချိန်တောင်ပေါ်ဒေသတွေမှာ အဲ့လုပ်ကဝင်ငွေအများဆုံးပဲ တရက်လုပ်ရင် ၁၀,၀၀၀ကျပ်နီးပါးရတယ်။ အလုပ်ရှင်ဦးလေးကလဲ မင်းတို့စီဒီအမ်ဝန်ထမ်းတွေမို့ဆိုပြီး ၅,၀၀၀ထောင်ပိုပေးရှာပါတယ်။ နေပူစပ်ခါးကြီးထဲ သူလုပ်နေတာမြင်တော့ ကျမ မနေနိုင်တော့ပါဘူး။ အလုပ်ကြမ်းလေ သူကရတယ်ပြော။ ကျမ မကြည့်ရက်ပါဘူး။ ၂ပတ်လောက်လုပ်ပြီးတာနဲ့နားဖို့ပြောလိုက်တာ။ ငွေပိုမရှိဘူး။ ကျန်းမာရေးကြုံခဲ့ရင် ပိုခက်ခဲမယ်မလား။ သူ့မိသားစုကလည်း ပင်စင်စားအဖေအမေနဲ့မို့ ကျမတို့မှာ သူသာတခုခုဖြစ်ရင် ဆက်မတွေးရဲ့ဘူး။ သူရတဲ့လုပ်ခနဲ့ ကျမတို့ ပထမဆုံး အွန်လိုင်းအော်ဒါကောက်ပြီး အကြော်စုံစရောင်းကြတယ်။ စီဒီအမ်လုပ်ထားလို့ပဲလား ကျမလက်ရာကောင်းလို့ပဲလားတော့မသိဘူး။ ကျမတို့အတော်လေး ရောင်းခဲ့ရ ပါတယ်။ ၂/၃လလောက်ကျမတို့ အွန်လိုင်းကနေအော်ဒါကောက် သူကလိုက်ပို့သူမိသားစုတွေကလည်း သူတို့တတ်နိုင်တဲ့ အားလေးတွေနဲ့ဝိုင်းကူကြရှာပါတယ်။ အဲ့နောက်ပိုင်းမှာတော့ စီဒီအမ်ဖမ်းဆီးမှုတွေကို စစ်ကောင်စီက ခပ်စိပ်စိပ်လုပ်လာတော့ အဲ့မြို့က စီဒီအမ်ဝန်ထမ်းတွေလည်း ဘေးလွတ်ရာရှောင်ပြေးဖို့တွေ ဖြစ်လာပါတော့တယ်။ ဈေးသည်ကျမတို့ အခက် စတွေ့ပြီလေ။ မြို့ထဲမှာလူအင်အားသိသိသာသာ လျော့လာတော့ အော်ဒါကောက်ရောင်းတာ အဆင်မပြေတော့ဘူး။ အမျိုးသားရဲ့မိသားစုတွေနဲ့ တိုင်ပင်ပြီး ဆိုင်ဖွင့်ကြမယ်ပေါ့။ ကျမမိသားစုဆီ အပူကပ်ရတာပေါ့။ ဈေးရောင်းဖို့အရင်းလိုပြီလေ။ ဝန်ထမ်းအိမ်ယာမှာကျန်ခဲ့တဲ့ ရေခဲသေတ္တာ မွေ့ယာ ဆိုင်ကယ်တွေရောင်းပေးဖို့လှမ်းပြောပြီး ချက်ချင်းရောင်းမထွက်ခဲ့တာနဲ့ အိမ်ကညီမလေးနဲ့သူ့အမျိုးသားကပဲ ငွေအရင်းကူညီခဲ့တယ်။ ၁၀သိန်းလက်ထဲကိုင်ပြီး ယောင်းမကဆိုင်ခန်းရှာပေး လိုအပ်တဲ့ဟာလေးတွေ အကြွေးစနစ်လေးနဲ့ ယူပေးရှာသပေါ့။ အဲ့လိုနဲ့ဆိုင်လေးတဆိုင်ဖြစ်လာပြီး ဈေးရောင်းလည်း ကောင်းခဲ့ပါတယ်။ ကျမကဈေးသည်နဲ့အကျိုးပေးပုံပါပဲ။ ဝန်ထမ်းဘဝက ရာထူးဆိုလည်းမတနိုင်တဲ့သူ။ အဲ့လိုရောင်းနေစဉ် စပ်ကြားမှာလည်း အဲ့မြို့အနီးဝန်းကျင်တွေမှာ မကြာမကြာတိုက်ပွဲတွေဖြစ်တာ။ စစ်တပ်နဲ့တော်လှန်ရေးအဖွဲ့တွေ ပစ်ခတ်တာနဲ့ နေ့စဉ်ဆိုသလိုရှိပါတယ်။ ဒီလိုနဲ့ ဆိုင်ဖွင့်တာ ၂နှစ်ဝန်းကျင်နားနီးတော့ မြို့ သိမ်းတိုက်ပွဲ ပေါ်လာခဲ့ပါတယ်။ ဈေးသည်မ ကျမရဲ့ ဈေးကျိုးပေးတယ်လို့ အစောမှာချီးကျူးခဲ့မိတာ မှားပြီပြောရမလို ပါပဲလေ။ ဘယ်ကိုထပ်သွားရမှာပါလိမ့်။ မိသားစုတွေခေါင်းခြောက်ကြပြီ အထိုင်လေးက ကြခါစပါဆို အဲ့မြို့မှာ ရှိတဲ့သူတချို့က ပြောင်းရွှေ့မှုတွေစလုပ်ကြပါပြီ ကားဈေးတွေကလည်း ခေါင်ခိုက်လို့ ကားတစီး သိန်း၂၀နီးပါးထိ ပေးဌားနိုင်ရင်တအိမ်လုံးရွှေ့နိုင်မယ်တဲ့။ အဲ့လောက်ကြတော့လည်း ကျမတို့မတတ်နိုင်သေးပါဘူး။ နောက်ဆုံး ဆုံးဖြတ်လိုက်တာက အဲ့နေရာမှာလည်း ကျမတို့ စီဒီအမ်စလုပ်တဲ့ချိန်ကလိုပါပဲ။ ကားခသိန်း၂၀ တော့မတတ်နိုင်ဘူး။ အဲ့မှာလည်းပိုင်ဆိုင်တဲ့ အိမ်ထောင်ပရိဘောဂ ဆိုင်ကယ် ဈေးဆိုင်ထဲကပစ္စည်း ပစ္စယတွေ ထပ်ထားခဲ့ရပြန်ပါရော။ မရေရာတဲ့နေ့ရက်တွေကို ဆုပ်ကိုင်ပြီး ရှေ့ဆက်ရမှာပဲလေ။
“ရုံးမတတ်နဲ့ရုန်းထွက်ဆိုတဲ့သူတွေကို အပြစ်မမြင်ဘူး” ထိုသူတွေ အလျှိုလျှို အလုပ်ပြန်ဝင်ပြီး သူတို့လုပ်ငန်းတွေလည်ပတ်နေသူတွေလည်းရှိတာပါ့လေ။ ဒါပေမဲ့ တချိန်ကဝန်ထမ်း စီဒီအမ် လက်ရှိ ကျမဈေးသည်မဟာ တော်လှန်ရေးနိုင်သည်ဖြစ်စေ/ ရှုံးသည်ဖြစ်စေ အဓမ္မကိုတွန်းလှန်လို့ ဓမ္မဘက်ကိုဖက်တွယ်ရင်း လိပ်ပြာလုံစွာ ယနေ့ချိန်ထိ ခရီးဆက်နေဆဲပါပဲ။









