မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များက လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူ

ဧပြီ ၂၈၊ ၂၀၂၆

Zalen

Zalen ad

ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းပြည်နယ် မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များဝင် ရောက်လာ ပြီး လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူနေတယ်ဆိုတဲ့ ရုပ်သံတခု အွန်လိုင်းလူမှုမီဒီယာတွင် ပျံ့နှံ့လာပါတယ်။

ယင်းဖြစ်စဉ်မှာ Daai CDFအဖွဲ့ဝင်အချို့ဟာ ကျေးရွာနေပြည်သူများရဲ့ ခွင့်ပြုချက်မယူဘဲ အိမ်ပေါ်သို့ တက်ရောက်ကာ Solar ပြားများ ဖြုတ်ယူခြင်း၊ ဘုရားကျောင်းအတွင်းရှိ WiFi စက်များသိမ်းယူခြင်း၊ ခွင့်မတောင်းဘဲ ကြက်နှင့် ဝက်များကို သတ်စားခြင်းများပြုလုပ်မှုတို့ကြောင့် ကျေးရွာအတွင်းရှိ ပြည်သူများအကြား မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့ကြပါတယ်။

ကျေးရွားလူကြီးများက ခုလိုကျေးရွာပိုင် WiFi စက်များ ဆိုလာများဖြုတ်ယူခြင်းကြောင့် ပြည်တွင်း/ပ အဆက်အသွယ်ပြတ်တောက်မှုနဲ့ရှိခဲ့ရပြီး အဲ့ဒီပစ္စည်းများဟာ ပြည်သူများရဲ့ ချွေးနဲ့စာဖြင့် ဝယ်ယူထားတာ ဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါလုပ်ရပ်ကိုမကျေနပ်တဲ့ပြည်သူအချို့က ဓားများ၊တူမီးသေနတ်များကိုင်ဆောင်ကာ တနင်္ဂနွေနေ့ မနက်အစောပိုင်းတွင် ကျေးရွာ ကျောင်းအတွင်း စုဝေးခဲ့ကြပြီး ဆန္ဒပြမှုများပြုလုပ်ခဲ့ကာ စကားများမှုများ ဖြစ်ပေါ် ပြီး အခြေအနေတင်းမာခဲ့ကြပါတယ်။

ရွာသားများအနေဖြင့်လည်း Daai CDF အဖွဲ့ဝင်များဟာ ပြည်သူများကို ကာကွယ်တာမဟုတ်ဘဲ ဒုက္ခပေးနေတယ်လို့ ထင်မြင်ချက်တွေရှိနေခဲ့ပါတယ်။

ယင်းအငြင်းပွာမှုနဲ့ပတ်သက်ပြီး ဒေသခံတဦးမှ “ ကျေးရွာပြည်သူရဲ့ ခွင့်ပြုမှုမယူဘဲ ခုလို လုပ်တာမျိုးကို မကြိုက်ပါဘူး ငါတို့တွေ ကျွေးတဲ့ပေးတဲ့အစားအစာတွေစားပြီး ခုလိုလုပ်ရပ်ပြုလုပ်တာကို လုံးဝ ရှုံ့ချ ပါတယ်လို့”  ဆိုပါတယ်။

ပြည်သူတဦးက “လုံခြုံရေးတွေကြောင့် ဒီစက်တွေကို အပ်ခိုင်းနေတာကြာပါပြီ တချို့က အလိုက်တသိ အပ်ကြတယ်။ ခုဟာက အသင်းတော်ပိုင်ဖြစ်လို့ ဘယ်သူကမှ တာဝန်ခံပြီး မအပ်ချင်ကြလို့ ရဲဘော်ကိုယ်တိုင် တက်ပြီး သိမ်းမယ်လုပ်နေတာဖြစ်မယ်လို့” ဆိုပါတယ်။

နောက်ထပ်ဒေသခံတဦးကလည်း “အရာရာတိုင်း နေရာတိုင်း ပြည့်စုံသူမရှိပါဘူး မပြည့်စုံသူအချင်းချင်း အတူတူလုပ်နိုင်ခြင်းကို စည်းလုံးခြင်းလို့ခေါ်ပါတယ်။ ခံယူချက်ခြင်း၊ပန်းတိုင်ခြင်းတူနေရင် အတူတူကြိုးစားတော့ ပိုအဆင်မပြေဘူးလား။ ဟိုလူ့ကိုအပြစ်ပုံလိုက်၊ ဒီလူ့ကို အပြစ်တင်တဲ့ စကားတွေပြောနေကြတာမြင်တော့ တော်တော်လေး စိတ်မကောင်းတာအမှန်ဘဲ။ အားလုံးက ပြည်သူထဲကပြည်သူတွေဘဲဆိုတာကိုတော့ မမေ့စေချင်ဘူး။ ဒီကာလမှာ အားလုံးသည်းခံပြီး စည်းလုံးကြရင်ကောင်းမယ်လို့” ဆိုထားပါတယ်။

အထက်ပါအကြောင်းအရာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူများထံ Zalen အနေဖြင့် ဆက်သွယ်မေးမြန်း သော်လည်း ဆက်သွယ်ရေးခက်ခဲများကြောင့် ပြန်လည်ဆက်သွယ်လာခြင်းမရှိသေးပါ။

မိုင်နွေဦး

ဓာတ်ပုံ-လူမှုကွန်ယက်

#CDFDaai#မတူပီမြို့နယ် #ဆီလှည့်ကျေးရွာ#Zalen

နောက်ဆုံးရသတင်းများ

ပင်တဂွန်က လျှို့ဝှက် UFO ဖိုင် ၁၆၀ ကျော် ထုတ်ပြန် ၊ ဂြိုဟ်သားအမှန်တကယ်ရှိနေပြီလားဆိုတာ ကမ္ဘာတဝန်း လူစိတ်ဝင်စားမှုမြှင့်တက်လျက်ရှိ

မေ ၉၊ ၂၀၂၆ Zalen နှစ်ပေါင်းများစွာ လူတွေကြား ထင်မြင်ချက်အမျိုးမျိုးနဲ့ ပြောဆိုနေကြတဲ့ UFO အကြောင်းကို အမေရိကန် ပင်တဂွန်ဘက်က တိတ်တဆိတ်မနေတော့ဘဲ စာရွက်စာတမ်း ၁၆၀ ကျော်ကို မနေ့က မေ ၈ရက်နေ့မှာ တရားဝင် ...

ဆက်ဖတ်ရန်