မန္တလေး ပတ်စ်ပို့စ်ရုံးမှာ လူအုပ်ပိလို့ အမျိုးသမီးနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ

၁၉၊ ဖေဖော်ဝါရီ၊ ၂၀၂၄

Zalen

မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ်မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ ဖေဖော်ဝါရီ ၁၉ ရက် ဒီနေ့မနက် ၂ နာရီခွဲဝန်းကျင်လောက်မှာ လူထောင်နဲ့ချီ စာအုပ်ရရှိဖို့ တန်းစီရာမှာ လူအုပ်ပိလို့ အမျိုးသမီး နှစ်ဦးသေ ဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူတွေဟာ အသက် ၅၂ နှစ်အရွယ် ဒေါ်ခင်မျိုးအေး နဲ့ အသက် ၃၉ နှစ်အရွယ် မခိုင်ဝေတို့ ဖြစ်ပြီး အသက် ၅၃ နှစ်အရွယ် မဌေးဌေးဝင်းဟာ ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် မန္တလေးပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူ နေရတယ်လို့ ဆိုပါတယ်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ပတ်စ်ပို့စ်စာအုပ်ရဖို့ တန်းစီရာမှာ နေရာလုကြရင်း လူအုပ်ပိပြီး အသက်ရူကြပ်ပြီး ထိခိုက်သေဆုံး မှုရှိခဲ့တာလို့သိရပါတယ်။

“ ဒီနေ့ မနက်က လူကလည်း ပိုများတယ်ပြောတယ်။ တန်စီးတိုးတာလေ ကြိတ်ကြိတ်တိုးပဲ။ နေရာတွေက လုရင်း တိုးကြကြိတ်ကြနဲ့ အဲလိုဖြစ်ကြတာပေါ့။ လူအုပ်ပိပြီးသွားပြီး အသက်ရှုကြပ်ပြီး သတိလစ် ဒဏ်ရာရတာက အမျိုးသမီးသုံးဦးပေါ့။ ဆေးရုံရောက်တော့ နှစ်ယောက်ဆုံးသွားပါတယ်။ တစ်ယောက်ကတော့ ဆေးရုံမှာပဲ ရှိသေးတယ်။ ” လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်ကစပြီး မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ်မှာရှိတဲ့ ပတ်စ်ပို့ ရုံးမှာ နေ့စဥ်နေ့တိုင်း လူသုံးထောင်ကျော် လာရောက် တန်းစီနေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို အတည်ပြုထုတ်ပြန်လိုက်တဲ့နောက်ပိုင်းမှာ မန္တလေးမြို့က ပတ်စ်ပို့စ်ရုံးအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းက ပတ်စ်ပို့ရုံးတွေမှာ နိုင်ငံကူးလက်မှတ်ပြုလုပ်သူတွေ များပြားနေပါတယ်။

ရန်ကုန်မြို့ရှိ ပတ်စ်ပို့ရုံးမှာသာ နိုင်ငံကူးလက်မှတ် ပြုလုပ်ဖို့ အွန်လိုင်းစနစ်နဲ့ Booking လျှောက်ထားလို့ရတာဖြစ် ပြီး တခြား တိုင်းနဲ့ ပြည်နယ်တွေက ပတ်စ်ပို့ရုံးတွေမှာတော့ နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ Booking ကို လူကိုယ်တိုင် သွားရောက် လျှောက်ထားကြရတာ ဖြစ်ပါတယ်။

နွေဦးချယ်ရီ

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်