လိုင်လင်းပီမှာ ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင် အချင်းချင်း တိုက်ပွဲဖြစ်ပွားပြီး CDF-Mara ရဲဘော်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရဆိုတဲ့ သတင်းအမှား

ဒီဇင်ဘာ ၉၊၂၀၂၄။

Zalen

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၊ ငဖိုင်ပီကျေးရွာမှာ စစ်ပစ္စည်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာကနေ ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင် အချင်းချင်း တိုက်ပွဲပြင်းထန်နေပြီး Chinland Denfce Force -Mara ရဲဘော်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရကာ နှာရိန်းဆေးရုံကို ပို့ဆောင်နေရတယ်လို့ မရာ Info အမည်ရှိ ဖေ့ဘွတ်ပေ့ချ်က ဒီဇင်ဘာလ  ၆ ရက်နေ့က ရေးသားဖော်ပြထားပါတယ်။

မရာ Info ပေ့ချ်က “မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ကို ထိုးစစ်ဆင်ဖို့ CDF- Mara စခန်းမှာ ရောက်ရှိလာတဲ့ ချင်းလဲန်ကောင်းစီတပ်ဖွဲ့ဟာ ဒီဇင်ဘာ ၃ ရက်ည ငဖိုင်ပီးကျေးရွာမှာ သူတို့ထောင်ထားတဲ့ ဗုံး မတော်တဆ ပေါက်ကွဲရာမှ MDF တပ်ဖွဲ့ဝင်တွေဟု ထင်ယောင်ထင်မှား ဂယောင်ခြောက်ခြားဖြစ်ကာ ကျေးရွာ အပေါ်ပိုင်းမှ တာဝန်ကျတပ်ဖွဲ့ တွေက စတင် ပစ်ခတ်ခြင်းဖြစ်ပြီး ကျေးရွာအောက်ပိုင်း၌ တာဝန်ကျတပ်ဖွဲ့တွေကလည်း ပြန်လည် ပစ်ခတ်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး CDF-Mara ရဲဘော်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရပြီး နှာရိန်းမြို့ဆေးရုံသို့ပို့ဆောင်ကာ ဒေါက်တာမှ ဆေးကုသဖို့ လက်လျော့လိုက်သလို လက်တစ်ဖက် မလှုပ်ရှားနိုင်တော့ဘူးလို့ သတင်းရရှိပါတယ်။”လို့ ရေးသားဖော်ပြထားပါတယ်။

မူးရင်းသတင်းလင့်ခ်

https://www.facebook.com/share/p/1823YthYaR

အဲ့ဒီသတင်းကို ဒီနေ့ ဒီဇင်ဘာလ ၉ ရက်နေ့အထိ Reaction ပေးသူ ၇၃  ဦး၊ မှတ်ချက် ၁၃ ခု၊ မျှဝေသူ ၁၄ ဦးအထိရှိပါတယ်။

စိစစ်တွေ့ရှိချက်

__________

Zalen Fact – Checking Team က စိစစ်ကြည့်တဲ့အခါ လိုင်လင်းပီမြို့၊ ငဖိုင်ပီကျေးရွာမှာ ဒီဇင်ဘာလ ၃ရက်နေ့ ညက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာကနေ ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး CDF-Mara ရဲဘော်တစ်ဦး ပြင်းထန်းစွာဒဏ်ရာရကာ နှာရိန်းမြို့ဆေးရုံသို့ ပို့ဆောင်ထားတယ်ဆိုတာ မတွေ့ရှိရပါ။

ဖြစ်စဉ်အမှန်မှာ ဒီဇင်ဘာလ ၃ ရက်နေ့ ညက လိုင်လင်းပီမြို့ ငဖိုင်ပီကျေးရွာအနီး CDF-Mara တပ်စခန်းအနားမှာ စစ်လက်နက် ပစ္စည်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး စခန်းရှိ ရဲဘော်တွေဟာ ပြေးလွှားနေရာယူစဥ် ရဲဘော်တစ်ဦးထံဆီက ကျည်တစ်ထောင့်ထွက်ရာမှ တခြားရဲဘော်တစ်ဦးရဲ့ လက်မှာ ကျည်ထိမှန် အနည်းငယ်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ CDF-Mara တာဝန်ရှိသူတစ်ဦးဆီက သိရပါတယ်။

၎င်းက “ဖြစ်စဥ်က ကျွန်တော်တို့တပ်စခန်းအနားမှာ ဘယ်အဖွဲ့အစည်းတွေ ထောင်ထားတဲ့ စစ်လက်နက်ပစ္စည်း (သို့) မိုင်းကို အကောင်တစ်ကောင်ကနေ နင်းမိပြီး ပေါက်ကွဲမှုဖြစ်တယ်။ အဲဒီပေါက်ကွဲမှုကြောင့် ကျွန်တော်တို့ရဲဘော်တွေကလည်း ပြေးလွှားနေရာယူရင်း ရဲဘော်တစ်ယောက်ဆီကနေ ကျည်တစ်ထောင်ထွက်ကျပြီး တခြားရဲဘော်တစ်ယောက်ရဲ့ လက်မှာကျည်ထိမှန် အနည်းငယ် ဒဏ်ရာရသွားပါတယ်။ ကျည်ထိထားတဲ့ ရဲဘော်က ဒဏ်ရာပြင်းထန်တာမဟုတ်တဲ့အတွက် ဘယ်ဆေးရုံမှမပို့ဘူး။ ​ဖြစ်စဥ်ကလည်းကြာခဲ့ပါပြီ။ လူတွေကအခုမှသိတာဖြစ်ပြီး မဟုတ်မမှန်သတင်းတွေလျောက်ရေးနေကြတာပါ။”လို့ ဆိုပါတယ်။

လက်မောင်းကျည်ထိမှန်ထားတဲ့ CDF-Mara ရဲဘော်ဟာ လက်ရှိမှာ စခန်းထဲရှိပြီး ဒဏ်ရာသက်သာလာပြီလို့ သိရပါတယ်။

လိုင်လင်းပီမြို့ ငဖိုင်ပီကျေးရွာမှာ ဒီဇင်ဘာလ ၃ ရက်နေ့ ညက စစ်လက်နက်ပစ္စည်း ပေါက်ကွဲမှုဖြစ်ပွားပြီး ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့တာမတွေ့ရှိရဘူးလို့ ဒေသတွင်းစစ်ရေးသတင်းသိရှိသူ ဒေသခံတစ်ဦးဆီက သိရပါတယ်။

၎င်းက “စစ်လက်နက်ပစ္စည်းပေါက်ကွဲတယ်ဆိုတာက ဟုတ်ပါတယ်။ ဒါပေမဲ့ ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပြင်းထန်တိုက်ပွဲဖြစ်တယ်ဆိုတာတော့ မဟုတ်ဘူး။ ပြီးတော့ CDF-Mara ရဲဘော်တစ်ဦး နှာရိန်းဆေးရုံပို့ဆောင်ပြီး ဆရာဝန်က လက်လျော့လိုက်ပြီဆိုတာလည်း မဟုတ်ပါ။ CDF-Mara ရဲဘော်တွေက သူတို့ ကျန်းမာရေးနဲ့ပတ်သက်လို့ နှာရိန်းဆေးရုံမှာ ဆေးပြသတာတွေရှိတယ်။ အဲဒါကို ကျည်ထိမှန်တဲ့ ရဲဘော်တွေကို ဆေးရုံပို့ဆောင်လိုက်ရတယ်ဆိုတဲ့ ထင်ယောင်ထင်မှားတွေ သတင်းရေးနေတာဖြစ်တယ်။ ဘယ်သူမဆို လက်မှာကျည်ထိမှန်တဲ့ ရဲဘော်တစ်ယောက်ဟာ အသက်အန္တရာယ်နဲ့ အလှမ်းဝေးတယ်။ ဒါဟာမဖြစ်နိုင်တဲ့အရာဖြစ်ပါတယ်။”လို့ ဆိုပါတယ်။

မရာဒေသ၊ လိုင်လင်းပီမြို့မှာဖြစ်ပွားတဲ့ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေးနဲ့ပတ်သက်လို့ CDF-Mara နဲ့ MDF ထောက်ခံအားပေးသူတွေက အပြန်အလှန်သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့အတွက် မရာပြည်သူတွေအနေနဲ့သတိရှိကြဖို့ တိုက်တွန်းထားပါတယ်။

သုံးသပ်ချက်

________

မရာ Info အမည်ရှိ ဖေ့ဘွတ်ပေ့ချ်ဟာ ချင်းပြည်နယ်နဲ့ မရာဒေသတွင်း ချင်းလဲန်းကောင်စီ နဲ့ CDF-Mara တို့နဲ့ ပတ်သက်ပြီး ထင်ယောင်ထင်းမှာ ပုံချဲ့ပြီး အချက်အလက်သတင်းအမှားတွေ ဆက်တိုက် ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။

အထက်ပါ အဖွဲ့တာဝန်ရှိသူတွေနဲ့ ဒေသတွေရဲ့ပြောဆိုချက်အရ လိုင်လင်းပီမြို့ ငဖိုင်ပီကျေးရွာမှာ ဒီဇင်ဘာလ ၃ရက်နေ့က စစ်လက်နက်ပစ္စည်းပေါက်ကွဲဖြစ်ပွားခဲ့တယ်ဆိုတဲ့ အချက်လက်မှာ မှန်ကန်ပြီး ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း တိုက်ပွဲပြင်းထန်ပြီး CDF-Mara တစ်ဦး ကျည်ထိမှန် ပြင်းထန်စွာဒဏ်ရာရဆိုတဲ့ အချက်အလက်မှာ မှားယွင်းနေပါတယ်။

စာဖတ်ပရိသတ်အနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ လေ့လာဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

Zalen စာဖတ်ပရိသတ်အနေဖြင့်လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

လူသတ်ဓားပြတိုက်ပြီး မူးယစ်ဆေးဖြန့်နေတဲ့ CDF တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းအမှား

============== ဇန်နဝါရီလ ၁၂ရက်၊ ၂၀၂၅ ခုနှစ် Zalen အိန္ဒိယနိုင်ငံအတွင်း ခိုး၀င်ပြီး လူသတ်ဓါးပြတိုက် မူးယစ်ဆေးဖြန့်နေတဲ့ ချင်းကာကွယ်ရေးတပ်(CDF)တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းကို စစ်ကောင်စီဝါဒဖြန့်  Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန်နယ်က ...

ဆက်ဖတ်ရန်