
သိန်း(၂၀၀)ပျောက်ဆုံးသွားတယ်ဆိုပြီး ချင်းပြည်နယ်အစိုးရကိုတိုင်ကြားတဲ့ကိစ္စ ကုမ္ပဏီနာမည်နဲ့စာရင်းရှိဟုဆို
(၆၉)ကြိမ်မြောက် ချင်းအမျိုးသားနေ့ကျင်းပနိုင်ရေးအတွက် ထွဋ်ခေါင်ကြီးကုမ္ပဏီက ပေးလှူထားသော သိန်း (၂၀၀) ပျောက်သွားလို့ဟုဆိုကာ ၂၀၁၉ ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် မင်းတပ်မြို့အရပ်ဖက်အဖွဲ့အစည်းများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားစာပေးပို့ထားပါသည်။
(၆၉)ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ၂၀၁၇ ခုနှစ်တွင် ဖလမ်းမြို့၌ကျင်းပပါသည်။
ယင်းကိစ္စနဲ့စပ်လျဉ်းပြီး ထွဋ်ခေါင်ကြီးကုမ္ပဏီ ပိုင်ရှင် ဦးထန်းရှိန်း၏ ဖခင် မင်းတပ်မြို့နယ်ပြည်နယ်လွှတ်တော်အမတ် ဦးတိတ်ထန်းက “ဖလမ်းသွားပြီး ပွဲဖြစ်မြောက်ရေးဆပ်ကော်မတီကိုမေးတယ်။ ဦးထန်းရှိန်းနာမည်လည်းမပါဘူး။ ဦးတိတ်ထန်းနာမည်နဲ့လည်းမပါဘူး။ ငါးသိန်းကအစအလှူရှင်တွေကို ဂုဏ်ပြုလွှာပေးပေမယ့် နာမည်မပါလို့ ဂုဏ်ပြုလွှာကို ထုတ်မပေးတာလို့ပြောတယ်။ ဟားခါးကိုပြန်လာတယ်။ (၇၀)ကြိမ်မြောက် ချင်းအမျိုးသားနေ့မှာ ပြန်များသုံးဖြစ်မလာဆိုပြီးစောင့်ကြည့်တာ ပွဲဘဏ္ဍာထိန်းကိုမေးတယ်။ သူကလည်း ဦးထန်းရှိန်းနာမည်လည်းမပါဘူး။ ဦးတိတ်ထန်းနာမည်လည်းမပါဘူးဆိုပြီးပြန်ဖြေတယ်။ ဟားခါးစာရင်းစစ်ချုပ်မှာ ဦးရှိန်းထန် သန်း(၂၀)ဆိုတာတော့ပါတယ်။ ဘယ်သူထုတ်သွားတာလဲမေးတော့ စာရင်းစစ်ချုပ်ကတော့ပြောတယ် ဝန်ကြီးချုပ်ပဲနေမှာပါတဲ့။ သူတို့က နောက်မှ ဒီ (၁၇)ကြိမ်မြောက်လွှတ်တော်အစည်းအဝေးမှာ(မတ်လ နောက်ဆုံးပတ်) ဒီလိုဒီလိုသုံးထားပါတယ်လို့ရှင်းပြတဲ့ချိန်မှာ ကျနော်လည်းလက်ခံပါတယ်။ ဂုဏ်ပြုလွှာကိုလည်း ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှပဲလာပေးတာ။ ကျနော်သားကိုပဲပေးပါလို့ပြောလိုက်တယ်” ဟု ဦးတိတ်ထန်းကပြောပါသည်။
တိုင်ကြားစာထဲတွင် ထွဋ်ခေါင်ကြီးကုမ္ပဏီပိုင်ရှင် ဦးထန်းရှိန်းအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဟားခါးရိပ်သာတွင် အစိုးရအဖွဲ့အကြီးအကဲများဌာနဆိုင်ရာအကြီးအကဲများနျင့်တွေ့ဆုံစဉ် ၎င်းအလှူငွေ သိန်း (၂၀၀) အားထည့်ဝင်မည့်အကြောင်းပြောခဲ့ပြီး နေရပ်ပြန်ရောက်မှ အလှူငွေကို ဖားကန့်မြန်မာ့စီးပွားရေးဘဏ်မှတဆင့် ညွှန်ကြားရေးမှူး ဦးစန်းမောင်ဦး(ယခု ကရင်ပြည်နယ်သို့ပြောင်း)ထံသို့ သူ၏ ကုမ္ပဏီဝန်ထမ်းမှတဆင့် လှမ်းပို့စေခဲ့သော်လည်း ချင်းအမျိုးသားနေ့ပွဲဖြစ်မြောက်ရေးကော်မတီ(ဖလမ်း)မြို့ထံသို့ ၎င်းအလှူငွေကျပ်သိန်း (၂၀၀)မရောက်ရှိဘဲ ချင်းပြည်နယ်ဝန်ကြီးချုပ်ထံ ရောက်ရှိကြောင်း သတင်းရရှိသည်ုဖြေကြားခဲ့ပါသည်။ သို့ဖြစ်ပါ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ပျောက်ဆုံးနေသော ငွေသား ကျပ်သိန်း(၂၀၀)နှင့်စပ်လျဉ်းပြီး ချင်းပြည်နယ်အစိုးရအဖွဲ့အား စုံစမ်းစစ်ဆေးပေးပါရန်နှင့် အဂတိလိုက်စားသူအား ထိရောက်စွာအရေးယူဆောင်ရွက်ပေးနိုင်ပါရန်တိုင်ကြားအပ်ပါသည်ဟုဖော်ပြထားပါသည်။
ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က “မဟုတ်တာတွေလျှောက်ရေးနေကြတယ်။ ပြည်သူတွေဆီမှာဖြေရှင်းချက်လည်းပေးထားပြီးပြီ။ ဟားခါးပို့စ်သတင်းကလည်း အဲ့အကြောင်းသတင်း ရေးပြီးပြီ။ ဦးထန်းရှိန်းက ထွဋ်ခေါင်ကြီးကုမ္ပဏီနာမည်နဲ့ ပြည်နယ်အစိုးရညွှန်ကြားရေးမှူး ဦးစန်းမောင်ဆီမှာပို့တယ်။ ဦးစန်းမောင်က ကျင်းပရေးကေ်ာမတီ အတွင်းရေးမှူးဆီမှာအပ်တယ်။ ကျင်းပရေးကော်မတီက ထွဋ်ခေါင်ကြီးကုမ္ပဏီကလှူဒါန်းသည် သိန်း (၂၀၀)လို့ စာရင်းသွင်းထားတယ်။ ကျင်းပရေးကော်မတီကလည်း စာရင်းထဲထည့်ပြီး ဖလမ်း ပွဲမှာသုံးတယ်။ အဲ့ဒါကို စာရင်းစစ်ကလည်း စစ်ပြီးပြီ။ စာရင်း စစ်မှာပေါ်ပါတယ်။ ဒါကတော့ ကျနော့်ကို မုန်းတဲ့သူတွေက အကြောင်းစုံမသိဘဲရေးကြတာ။ သူ့အဖေကလာစုံစမ်းတဲ့ချိန်မှာ ထန်းရှိန်းနာမည်နဲ့ရှိလာ၊ တိတ်ထန်းနာမည်နဲ့ရှိလာလို့မေးတယ်လေ။ သူ့သားက ထွဋ်ခေါင်ကြီးကုမ္ပဏီနာမည်နဲ့ပို့တာ။ ဟားခါးရောက်မှ ဂုဏ်ပြုလွှာပေးတော့ ဘာလို့ပွဲမှာမပေးတာလဲ သားထန်းရှိန်းဆီမှာပေးကြပါလို့ ဦးတိတ်ထန်ကပြောတယ်” ဟု ပြောပါသည်။
ချင်းပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်သင်မန်က မိမိတို့စစ်ဆေးတဲ့အစီရင်ခံစာအရ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၉)ရက် နေ့စွဲဖြစ် ထွဋ်ခေါင်ကြီးကုမ္ပဏီနာမည်နှင့်စာရင်းသွင်းထားကြောင်းပြောပါသည်။
၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်မြောက်ရေး ဖလမ်းမြို့နယ်ကော်မတီ အတွင်းရေးမှုး ဆလိုင်းငယ်ပီးက “အဲ့ချိန်တုန်းက ချင်းပြည်နယ်အစိုးရ သိန်း ၁၅၀၀ ကျော်ရတယ်။ အဲ့ထဲကနေ သိန်း ၄၅၀ ပေးတယ်။ ခွာဒိုပွဲတို့ ပြည်နယ်အဆင့်ပွဲတွေမှာ အမြဲတမ်းအလှူခံတာမဆင်မပြေလို့ လိုအပ်သလိုသုံးမယ်တဲ့။ ကျနော်တို့ကို ပေးတဲ့ သိန်း ၄၅၀ ဟာ ဘယ်သူတွေပေးလှူထားလဲဆိုတာ ကျနော်တို့ မြို့နယ်ကော်မတီက ဘယ်လိုမှမသိနိုင်ဘူး။ အဲ့လိုပါ။ သူတို့ရတဲ့ငွေစာရင်းအသေးစိပ်တော့ အစိုးရဆီမှာရှိတယ်။ ကျနော်တို့ရှာထားတဲ့ငွေပေးလှူတဲ့စာရင်းတော့ ကျနော်တို့ဆီမှာရှိတယ်” ဟုပြာပါသည်။