သိမ်းပိုက်ထားတဲ့မြို့တွေက ဘဏ်တွေမှာ ပြည်သူ့ငွေတွေ မဆုံးရှုံးစေဖို့ စီမံထားတယ်လို့ NUG ထုတ်ပြန်

၁၃၊ နိုဝင်ဘာ၊ ၂၀၂၃/ Zalen

သိမ်းပိုက်ရရှိတဲ့ နယ်မြေ မြို့နယ်အတွင်းနဲ့ ကြားကာလပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်နေတဲ့ ဒေသတွေရှိ ဘဏ်တွေမှာ အပ်နှံထားတဲ့ ပြည်သူတွေရဲ့ အပ်နှံငွေတွေ မဆုံးရှုံး၊ မနစ်နာစေဖို့အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ NUGက ကြားကာလ ဗဟိုဘဏ်အနေနဲ့ စီမံဆောင်ရွက်နေတယ်လို့ NUGက နိုဝင်ဘာ ၁၃ ရက်နေ့ ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာ ပြည်သူ့အုပ်ချုပ်ရေး စတင်ဆောင်ရွက်နေတဲ့ ဒေသတွေမှာ ဘဏ္ဍာရေးဆိုင်ရာ လိုက်နာဆောင်ရွက် ရမယ့် လုပ်ငန်းစဉ်တွေကို ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစီမံချက် (SOPs – Standard Operating Procedures) ထုတ်ပြန်ပြီး စနစ်တကျ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ စီစဉ်ဆောင်ရွကနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဲဒီ လုပ်ငန်းစီမံချက်မှာ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေအတွင်းရှိ ပုဂ္ဂလိကဘဏ်တွေရဲ့ ပရိဝုဏ်၊ အဆောက်အအုံ၊ ဘဏ်ဝန်ထမ်း (ရှိပါက)၊ ဘဏ်အတွင်းရှိ ငွေသား၊ ဘဏ်ငွေတိုက် (Vault) ရှိငွေသား၊ စာရင်းမှတ်တမ်တွေ၊ စာချုပ်စာတမ်းတွေ၊ ပေါင်နှံစာရွက်စာတမ်းတွေ (Collateral)၊ ဘဏ်အတွင်းရှိ စက်ပစ္စည်းကိရိယာတွေ၊ ရုံးသုံး Software ၊ Hardware တွေနဲ့စပ်လျဉ်းတဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် အသေးစိတ်ကို ဖော်ပြသတ်မှတ်ထားပြီး ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ လိုက်နာအကောင်အထည်ဖော်ဆောင်မှုကို အထူးကြပ်မတ် စီမံနေတယ်လို့ NUGက ဆိုပါတယ်။

အခြေအနေတည်ငြိမ်တာနဲ့ ထိန်းသိမ်းပြုစုထားတဲ့ စာရင်း၊ ဇယား၊ မှတ်တမ်းတွေနဲ့ အညီ ပြည်သူ့အပ်နှံငွေတွေကို ပြည်သူ့ထံ ပြန်လည်ရရှိစေရေး စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ 

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်တွေပူးပေါင်းကာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပြီး ကောလင်း၊ ခမ်းပါတ် စတဲ့ မြို့တွေနဲ့ စစ်ကောင်စီစခန်းတချို့ကို သိမ်းပိုက်ထားနိုင်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ဆန့်ကျင်တဲ့အနေဖြင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) များ ဖွဲ့စည်းကာ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ကတည်းက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်။

ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်