Zalen
စက်တင်ဘာလ ၆ရက်
ချင်းပြည်နယ်မှာ မြို့တော် ဟားခါးမြို့နယ်ကလွဲပြီး ကျန်မြို့နယ် ၈ ခုမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရတာ ၃နှစ်ကျော်ကြာပြီလို့ အဲ့ဒီဒေသခံတွေဆီက သိရပါတယ်။
အသံ – Athan ရဲ့ သြဂုတ်လ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ စီရင်ခံစာအရ မြန်မာတဝန်း ဖုန်းလိုင်းနဲ့ အင်တာနက် ဖြတ်တောက်ခံရတဲ့ မြိုနယ်ပေါင်း ၉၂ မြို့နယ်ရှိပါတယ်။
အဲ့ဒီ ၉၂ မြို့နယ်ထဲမှာ ချင်းပြည်နယ်က ပလက်ဝ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်၊ တီးတိန်၊ ထန်တလန်၊ တွန်းဇံ၊ ဖလမ်း စတဲ့ မြို့နယ်တွေမှာ ပါဝင်နေပါတယ်။
ချင်းပြည်နယ်မှာ ပလက်ဝမြို့နယ်ဟာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အဖြတ်တောက်ခံရတဲ့ မြို့နယ်ထဲမှာ အကြာဆုံး မြို့နယ်ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ပလက်ဝမြို့နယ်ဟာ အာဏာမသိမ်းခင်ကတည်းက ဖုန်းလိုင်း၊ အင်တာနက်အဖြတ်တောက်ခံရတာပါ။ အာဏာသိမ်းပြီး သုံးလအကြာမှာ နှစ်လလောက် ပြန်ဖွင့်ပေးပြီး ပြန်ပိတ်သွားတာ ဒီနေ့ထိပါဘဲ။”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဖုန်းလိုင်း၊ အင်တာနက်လိုင်း အဖြတ်တောက်ခံရတဲ့အတွက် လူမူရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ ကိစ္စတွေ ဆောင်ရွက်တဲ့ အခက်ခဲကြုံတွေ့နေရတယ်လို့ မတူပီဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်တဲ့ခါ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေက အရေးကြီးပါတယ်။ ဥပမာ အသိဆွေမျိုးတွေ နေမကောင်းတာဖြစ်ဖြစ် သတင်းမေးတဲ့ခါမျိုးပေါ့။”လို့ ဆိုပါတယ်။
တီးတိန်မြို့မှာ ဖုန်းလိုင်း ဖြတ်တောက်ခံရပေမဲ့ နာရီပိုင်းဖြင့် လျှပ်စီးမီးရတဲ့အတွက် Wifi နဲ့ ချိတ်ကာ အင်တာနက်လိုင်း အသုံးပြုရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ တီးတိန်မှာ လျှပ်စီးမီးက ၂၄ နာရီမရဘဲ နာရီပိုင်းနဲ့သာရတဲ့အတွက် မီးရတဲ့ချိန် Wifi နဲ့ ချိတ်ပြီး အင်တာနက်လိုင်း အသုံးပြုကြတယ်။ နယ်ဘက်က လူတွေက မရဘူးပေါ့။”လို့ ဆိုပါတယ်။
ဟားခါးမြို့မှာ MPT နဲ့ Atom ဖုန်းကဒ်ဖြင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းရပေမဲ့ ဆက်သွယ်ရေး အင်တာနက်လိုင်း မကောင်းဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုလောလောလောဆယ် MPT ကဒ် လောက်ဘဲ အင်တာနက်၊ ဖုန်းလိုင်းရတယ်။ Atom က ဖုန်းဘဲ ဆက်လို့ရတယ်။ အင်တာနက်လိုင်းက လုံးဝ မကောင်းဘူး။”လို့ ဆိုပါတယ်။
ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်နဲ့ နေရာအချို့မှာ Starlink ဖြင့် အင်တာနက်လိုင်းကို အသုံးပြုကြသလို နယ်စပ်မြို့တွေက ဒေသခံတွေဟာလည်း အိန္ဒိယ ဖုန်းကဒ်ဖြင့် အင်တာနက်၊ ဖုန်းလိုင်းတွေ အသုံးပြုနေကြရတယ်လို့ သိရပါတယ်။
ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံရတဲ့ မြို့နယ်တွေဟာ တိုက်ပွဲပြင်းထန်လာခြင်း၊ ဖုန်းတာဝါတိုင်တွေ လှည်ပတ်ဖို့ စက်သုံးဆီပြတ်လက်ခြင်းနဲ့ လျပ်စီးမီးမရရှိခြင်းတို့ကြောင့်ဖြစ်တယ်လို့ အသံ-Athan က ဆိုပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေထဲမှာ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်ဟာ အင်တာနက်နဲ့ ဖုန်းလိုင်း အများဆုံး ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။
သတင်း – ခူမီး